နေခြည်မှာ ရွှေရည်လောင်းပါလို့
(အိန္ဒိ အရှေ့မြောက်ခြမ်းမှ ရွှေတိဂုံစေတီတော်တစ်ဆူ)
ဒေါက်တာနန္ဒောဘာသ (ကာလကတ္တား)
 ငြိမ့်ညောင်းသံစဉ်များနှင့်အတူ
 လှုပ်ခပ်ဆူညံသံများ ရောနှောဝေစည်နေသည်။ စင်မြင့်ထောင့် တနေရာ မှ ဟန်ပါပါ 
ယိမ်းထိုးသီဆိုတီးခပ်ရင်း တိုင်းရင်းသားဘာသာဖြင့် ဖျော်ဖြေနေသည့် 
မိနစ်အနည်းငယ် အတွင်းမှာ ပင် ကြေငြာသံတစ်ခု ထပ်ဆင့်ထွက်ပေါ်လာသည်။ 
ရုတ်ရုတ်သဲသဲဖြစ်နေသည့် ရုတ်ခြည်းငြိမ်ကျသွား၏။
ငြိမ့်ညောင်းသံစဉ်များနှင့်အတူ
 လှုပ်ခပ်ဆူညံသံများ ရောနှောဝေစည်နေသည်။ စင်မြင့်ထောင့် တနေရာ မှ ဟန်ပါပါ 
ယိမ်းထိုးသီဆိုတီးခပ်ရင်း တိုင်းရင်းသားဘာသာဖြင့် ဖျော်ဖြေနေသည့် 
မိနစ်အနည်းငယ် အတွင်းမှာ ပင် ကြေငြာသံတစ်ခု ထပ်ဆင့်ထွက်ပေါ်လာသည်။ 
ရုတ်ရုတ်သဲသဲဖြစ်နေသည့် ရုတ်ခြည်းငြိမ်ကျသွား၏။
          ဗုဒ္ဓဘာသာဝင်
 သူတော်စင် ပရိတ်သတ်အပေါင်းတို့ “ဗောဓိသုခ ဓမ္မဓာတု အလိုတော်ပြည့်စေတီတော်” 
ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓါတိသေက အနေကဇာတင် အခမ်းအနား 
စတင်တော့မည်ဖြစ်ပါသဖြင့် ------------ အခမ်းအနားမှူး၏ 
ပိုမိုအားဖြည့်ထားပုံရသည့် ကျေညာသံ သြသြကြီးသည် ပွဲခင်းထဲမှ 
ဆူညံသံများကြားတွင် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။       
   
အချိန်ကား - ၁၃၆၄ ခု၊ တန်ဆောင်မုန်းလဆုတ် (၉) ရက်၊ (၂၈၊ ၁၁၊ ၂၀၀၂) ကြာသပတေးနေ့၊ နံနက် ၈ နာရီ ၃၆ မိနစ်။  
          နေရာကား - အိန္ဒိယ အရှေ့မြောက်ပြည်နယ်တစ်ခုဖြစ်သည့် တောင်ပိုင်းအစွန်ဆုံးကျသည့် ဆဗရုမ်း ခရိုင်ခွဲ၊ မာနု ဘောင်းကူးဒေသ (Manu Bankul)။
  မြန်မာနိုင်ငံ၊
 ပြည်တွင်းပြည်ပ သာသနပြု အလိုတော်ပြည့် ဆရာတော်ဘုရားကြီးကိုယ်တိုင် 
ကြွရောက် တော်မူပြီး၊ ရန်ကုန်မြို့၊ အမှတ် ------------- နေ၊ ဘုရားဒါယကာ 
ဦးမြင့်စိုး၊ ဒါယိကာမ ဒေါ်နှင်းနှင်းအေးတို့မှ တည်ထားကိုးကွယ်အပ်သော 
“ဗောဓိသုခ ဓမ္မဓာတု အလိုတော်ပြည့် စေတီတော်” ရွှေထီးတော် တင်လှူပွဲနှင့် 
ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ အခမ်းအနား ဖြစ်သည်။ အခမ်းအနား 
စတင်ဖွင့်လှစ်ကြောင်းနှင့် အစီအ စဉ်များကို ကာလကတ္တား၊ ဗောဓိသုခ 
ပရဟိတကျောင်းဆရာတော် ဒေါက်တာ နန္ဒောဘာသမှ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် 
ကျေညာသည်။ ဘောင်းကူး ဓမ္မဒီပ ပရဟိတစာသင်ကျောင်းဆရာတော် ဒေါက်တာ ဓမ္မပီယမှ 
ဒေသသုံး ဖလံသားဘာသာနှင့် ဘင်္ဂလီဘာသာစကားများဖြင့် ပြန်ဆိုပေးသည်။ အစီအစဉ်အရ 
အလိုတော်ပြည့် ဆရာတော်ဘုရားကြီးက ဆရာတော်ကိုယ်တိုင်နှင့် ဘုရားဒါယကာတို့၏ 
ဘုရားတည်ခြင်း ဦးတည်ချက်၊ ဒေသခံ များအပေါ် ထားရှိသည့် ဆရာတော်တို့၏ 
ဆန္ဒမွန်နှင့် ဘုရားတည်ကိုးကွယ်ရခြင်း၏ အကျိုးတရားများကို မိနစ် ၂၀ ကြာမျှ 
ဟောကြားချီးမြှောက်တော်မူသည်။ ဆရာတော်၏ ဟောဆိုချက်များအားလုံးကို ဒေါက်တာ 
ဓမ္မပီယမှ ပင် ဒေသသုံးစကားဖြင့် ထပ်ဆင့် ရှင်းလင်း ပြန်ဆိုပေးသည်။
                   
 
ဟိန္ဒူ၊
 ခရစ်ယာန်နှင့် မူဆလင်ဘာသာတို့၏ လွှမ်းမိုးမှုများကြားတွင် နိမ့်ကျသည့် 
စီးပွားရေး၊ လူနေမှုအ ဆင့် အတန်းကြောင့် ကွယ်ပျောက်လုမတတ်ဖြစ်နေသည့် 
ဗုဒ္ဓဘာသာကို ကျားကန်ပေးနိုင်ရန်နှင့် ပြန်လည်မြှင့် တင်ပေးနိုင်ရန်၊ 
ဗုဒ္ဓသာသနာတော် အရှည်တည် ပြန့်ပွားရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် 
ဒေသခံတို့၏ ပစ္စု ပ္ပန်သံသရာ အကျိုးများရေးတို့အတွက်သာ စေတနာသန့်သန့်ဖြင့် 
ကြိုးစားပမ်းစား၊ ခက်ခက်ခဲခဲလာရောက်ပြီး အကုန်အကျများစွာခံလျက် 
တည်ထားပေးရခြင်းဖြစ်ကြောင်း။
ဒေသခံဗုဒ္ဓဘာသာထုအတွက်
 သမိုင်းတစ်ခေတ်တွင်ရစ်မည့် ကောင်းမွေတစ်ခုအဖြစ်လည်း အနာဂါတ် 
မျိုးဆက်များလက်ထဲသို့တိုင် တည်ထွန်းရစ်မည့် သာသနိက စေတီတော်တစ်ဆူ 
တည်ထားပေးခြင်းဖြင့် အခု ရော နောင်ပါ ကုသိုလ်ယူနိုင်ကြပြီး ကောင်းမွေ 
အနှစ်ကို တစ်ခေတ်ပြီး၊ တစ်ခေတ် လက်ဆင့်ကမ်းပေးနိုင်ကြစေ ရန်၊ 
ကိုးကွယ်ရာအစစ်ကို ကိုးကွယ်နည်းကျစွာ ကိုးကွယ်ဖြစ်ပါမှ 
ကိုးကွယ်ရကျိုးနပ်မည်ဖြစ်ပြီး၊ ဇာတံသရဏ တောဘယံ ဆိုသည့်အတိုင်း 
ကိုးကွယ်ရာလွှဲလျှင် သို့မဟုတ် ကိုးကွယ်နည်းမျွှန်လျှင် 
အကျိုးမများသည့်အမြင် ဘေးပင်ဖြစ်နိုင်ကြောင်း၊ အပြစ်မဲ့ဖြူစင်သည့် 
ဒေသလူထုအတွင်း စစ်မှန်သော ဘာသာကျေးမှုထွန်းကားစေ ခြင်းဖြင့် ကောင်းမြတ်သည့် 
လမ်းညွန်မှုမျိုးဖြစ်စေရန်နှင့် ဗုဒ္ဓဘာသာကောင်းပီသပြီး၊ 
အချင်းချင်းများကြားတွင် စာနာတတ်မှုကရုဏာနှင့် 
ခင်မင်မှုမေတ္တာများထားခြင်းဖြင့် စုစည်းခိုင်မာပြီး ငြိမ်းချမ်းသည့် 
လူ့အသိုက်အဝန်း တစ်ခု ပေါ်ထွန်းလာစေရန် ဆန္ဒုပြုပါကြောင်း။
ယခုကဲ့သို့
 ကိုးကွယ်ရေးဆိုင်ရာ သာသနိက အဆောက်အအုံကြီးတစ်ခု အပြီးတိုင် အထမြောက်သည် 
အထိ ကာလတန်ဖိုးအရ ပမာဏကြီးမားသည့် ငွေကြေးကို ပါဝင်လှူဒါန်းကာ 
အလုပ်ပျက်ခံပြီးကိုယ်တိုင်ကိုယ် ကျ တက်ရောက်လာသူ ဘုရားတကာ မိသားစုနှင့် ဤမျှခက်ခဲသည့်
 ဒေသတွင် အားလုံးအဆင်ပြေ၊ အလုပ်ဖြစ် အောင် လိုအပ်သလို 
ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် မြန်မာ၊ အိန္ဒိယ နှစ်နိုင်ငံတို့မှ 
အကျိုးဆောင်ပုဂ္ဂိုလ်များ အားလုံးတို့အား အထူးကျေးဇူးတင်မိပါကြောင်း၊ 
စေတီတော်တည်မြဲနေသရွေ့ စေတီတော်အား ဦးခိုင်ပူဇော်သမှု ပြုကြသည်နှင့်အမျှ 
စေတီနှင့်ပတ်သတ်၍ ပါဝင်ဆောင်ရွက်သူအားလုံးတို့သည်လည်း ကုသိုလ်အထပ်ထပ် 
တိုးပွားနေကြမည်သာဖြစ်ပြီး မိမိတို့လိုလားအပ်သည့် ပစ္စုပ္ပန်၊ 
သံသရာကောင်းကျိုးနှစ်ဖြာတို့ကို မုချရယူနိုင်ကြမှ သာ ဖြစ်ကြောင်း 
ရှင်းလင်းမိန့်ကြားတော်မူသည်။
ဓမ္မဒီပ
 ပရဟိတကျောင်းဆရာတော် ဦးဓမ္မပီယမှ ဒေသသုံး ဖလံသား ဘာသာစကားဖြင့် 
ရှင်းလင်းပြန် ဆိုပေးမှုကြောင့် ဆရာတော်၏ ဟောပြောမှုကို ရှင်းလင်းတိကျစွာ 
နားလည်သဘောပေါက်ကြသည်။ စူးတောက် သည့် နေပူအောက်မှာပင် လည်တညိတ်ညိတ်နှင့် 
ပြုံးပြုံးရွှင်ရွှင် ရှိကြပုံကို ထောက်ခြင်းဖြင့် ဒေသခံတို့၏ 
သဘောပေါက်နားလည်မှုနှင့် စိတ်ပါလက်ပါ ပူးပေါင်းဆောင်ရွက်လိုမှုကို ခန့်မှန်း၍
 ရနိုင်သည်။
ရွှေထီးတော်၊
 ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူခြင်း၊ စေတီတော်တည်ထားရခြင်းနှင့် 
အနေကဇာ တင်ခေါ် ဗုဒ္ဓါဘိသေက မင်္ဂလာသဘင် ကျင်းပရခြင်းနှင့်ပတ်သတ်၍ 
ကာလကတ္တားမြို့ ဗောဓိသုခ ပရဟိတ ကျောင်းဆရာတော် ဒေါက်တာ နန္ဒောဘာသမှ 
အကျဉ်းရုံး ရှင်းလင်းတင်ပြသည်။
ထီးကို
 နေပူဒဏ်နှင့် မိုးရွာခြင်းကို အကာအကွယ်ပေးသည့် လူ့အသုံးအဆောင် 
ပစ္စည်းအဖြစ်ဖြင့်သာမ က မင်္ဂလာရှိမှုနှင့် ကိုးကွယ်ခံထိုက်မှုဆိုင်ရာ မရှိမဖြစ်
 ပစ္စည်းတစ်ခုအနေနှင့်လည်း မြန်မာမှုနယ်ပယ်တွင် သုံးစွဲ လာခဲ့ကြသည်။ 
ဘုရားစေတီပုထိုးများတွင် ဆတ္တာဝလိ ခေါ်သည့်ထီးတော်များ တင်လှူသည့် အလေ့ကို 
ဘီစီ - ၁၀၀ ကာလက သစ်သားရိုးနှင့် ထီးရွက်သုံးဆင့်ပါထီးကို 
အိန္ဒိယတောင်ပိုင်း ဆန်ချီစေတီတော်တွင် တင်လှူ ခဲ့ ကြသည်ကို၎င်း၊ 
သုံးဆင့်ထက်များသည့် ထီးများကို ဘီစီ - ၂၄၈ လောက်မှစ၍ အိန္ဒိယအနှံ့ 
သုံးစွဲခဲ့ကြသည်ကို ၄င်း တွေ့ရှိရပြီး မြန်မာဘက်ခြမ်းတွင်မှု 
ပုဂံခေတ်လောက်တွင်မှ စတင်၍ ထီးတင်သည့် အလေ့ရှိလာခဲ့ကြ ကြောင်း၊ ထီးတော်သည် 
ဘုရားကို ပိုမိုတင့်တယ်စေပြီး၊ ငြိမ်းချမ်းရေးအသွင်ဆောင်သော အဘိသေကအဆင် 
တန်ဆာတစ်ခုဖြစ်သည့် အားလျော်စွာ ယခုလို ထီးတော်တင်လှူခြင်းဖြင့် 
ပြည်ရွာငြိမ်းချမ်းရေး၊ သာယာရေးနှင့် တိုးတက်ရေးတို့အတွက် 
များစွာသက်ရောက်စေမည်ဖြစ်ကြောင်း ရှင်းလင်းဟောကြားသည်။ ထပ်မံပြီး စာရေး သူ 
ကိုယ်တိုင်ကလည်း စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူရခြင်း၏ 
အကျိုးတရားများကို ရှင်း လင်းဟောကြားသည်။ ပြီးနောက် အလိုတော်ပြည့် 
ဆရာတော်ဘုရားကြီးက ဘုရားဒါယကာ ဦးမြင့်စိုး၊ ဘုရားဒါ ယိကာမ 
ဒေါ်နှင်းနှင်းအေးတို့အား ရေစက်သွန်းချ အမျှအတန်းပေးဝေဖို့ 
ချီးမြှောက်တော်မူသည်။
ယင်းနောက်
 အခမ်းအနားမှူးက ရွှေထီးတော် တင်လှူမည့် အစီအစဉ်ကျရောက်ပြီဖြစ်ကြောင်း 
ကြေငြာ လိုက်သည်နှင့် တပြိုင်နက် လူပေါင်းသုံးထောင်ကျော်တက်ရောက်သော 
ပရိသတ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ် သွားသည်။ ဤကဲ့သို့ ဝေးလွန်ခေါင်ဖျားသော 
ဒေသမှာ ရွှေထီးတော်ကို ပန်းရထားဖြင့် အခုလို ပင့်ဆောင်ပူဇော် သည်ကို တခါမှ 
မမြင်မကြားဖူးသောကြောင့် ဖြစ်သည်။ ရွှေထီးတော်ကို မပင့်ဆောင်မှီ ဓါတ်တော်၊ 
ဌာပနာတော် များကို ဒေသခံဆရာတော် ငါးပါး၊ ဘုရားဒါယကာ ဦးမြင့်စိုး၊ 
ဦးပဏ္ဍိတို့မှ ဌာပနာသွင်းတော် မူသည်။ ဌာပနာ တော်မူပြီးသည်နှင့် တပြိုင်နက် 
ရွှေထီးတော် ပထမအဆင့်ကို စတင်ပြီး ပန်းရထားဖြင့် ပင့်ဆောင်တော်မူသည်။ ဒေသခံ 
အတီးအမှုတ်ဝိုင်းကလည်း အငြိမ့်ငြိမ့်တီးမှုတ်၊ ပရိတ်သတ်လည်းရင်တမမဖြင့် 
ရွှေထီးတော်တင်လှူပူ ဇော်ကြသည်မှာ အလွန်ကြည်နူး ဝမ်းမြောက်စရာ 
ကောင်းလှပေသည်။ ထီးတော် တင်လှူပွဲ အစီအစဉ်ကို နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် 
အောင်ပြီ၊ အောင်ပြီဟု သုံးကြိမ်ရွက်ဆိုလျှက် အဆုံးသတ်တော်မူသည်။ ဤတွင် 
ရွှေထီးတော် တင်လှူပွဲ အခမ်းအနား ပထမပိုင်းပြီးဆုံးပါသည်။
ဒုတိယပိုင်းအစီအစဉ်ကို
 တရိပူရပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီး ဇိတန်ဒြာ ချောင်ဒ ရီ 
ဦးစီး၍ မဟာမုနိတိုးတက်ရေး ဂေါပကအဖွဲ့မှ ကြီးကြပ်သည်။ ဒုတိယပိုင်း 
အခမ်းအနားကို နေ့လည် ၃ နာရီ တွင် စတင်သည်။ ယင်း ဒုတိယပိုင်းအခမ်းအနား၌ 
အဖွင့်မိန့်ခွန်းကို မဟာမုနိတိုးတက်ရေး ဂေါပကအဖွဲ့ဝင် ဦး ထွန်းခိုင်မှ 
ဘင်္ဂလီဘာသာစကားဖြင့် မိန့်ကြားပြီးနောက် “ဗောဓိသုခ ဓမ္မဓါတု 
အလိုတော်ပြည့်စေတီတော်” ကို မဟာမုနိတိုးတက်ရေး ဂေါပက အဖွဲ့အား 
လက်မှတ်ရေးထိုး လွှဲအပ်တော်မူသည်။ ယင်းနောက် အလိုတော်ပြည့် ဆရာတော်ဘုရားက 
ဗုဒ္ဓ၏ ငြိမ်းချမ်းရေး လမ်းစဉ်ကို ငါးမိနစ်ခန့် အကျဉ်း ဟောကြားတော်မူသည်။ 
ပြီးလျှင် စေ တီတော်၏ အလှူမှတ်တမ်း ကျောက်စာတိုင်ကို ဖွင့်လှစ်တော်မူသည်။ 
ယင်းနောက် အခမ်းအနားအစီအစဉ်အ တိုင်း ဘုရားဒါယကာ ဦးမြင့်စိုးမှ အခုလို 
စေတီတော် ထီးတော်တင်ပွဲ ပြီးမြောက်အောင် အားပေးကူညီ ပေးကြ သည့် 
အလိုတော်ပြည့် ဆရာတော်ဘုရားကြီးနှင့် အတပည့်တပန်းများ ဖြစ်ကြသည့် ဦးပဏ္ဍိတ၊ 
ဦးအရိယဝံသ၊ ဦးနန္ဒာဘာသ၊ စေတီတော်ပြီးဆုံးအောင်ထိ ကူညီစောင့်ရှောက်ပေးသည့် 
ဦးစန္ဒောဒယ၊ တရိပူရပြည်နယ် ယဉ် ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီး မစ္စတာ 
ဇိတန်ဒြာချောင်ဒရီ၊ မဟာမုနိ တိုးတက်ရေး ဂေါပကအဖွဲ့တို့အား 
အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် ဤကဲ့သို့ ဝေးလွန်သောဒေသမှာ 
အမြင့် ဥာဏ်တော် ၂၇ ပေရှိ စေ တီတော်ကို အစအဆုံး တစ်ဦးတည်း လှူဒန်းရသည်မှာ 
အလွန်အကုန်အကျများကြောင်း၊ မြန်မာနိုင်ငံမှာသာ တည်ထားကိုးကွယ်မည်ဆိုက 
ဤစေတီတော် ၄ ဆူထိ ယခုကုန်ကျငွေဖြင့် တည်ထား ကိုးကွယ်နိုင်ကြောင်း၊ ယင်းသို့
 ဝေးလွန်သော ဒေသမှာ ဘယ်လောက်ပဲ အကုန်အကျများများ အခုလို အောင်မြင်စွာ 
ထီးတော်တင်လှူ ပူဇော်နိုင်သောကြောင့် အလွန်ဝမ်းသာပြီး သာဓုအနုမောဒနာ 
ခေါ်ပါကြောင်း ပြောကြားသည်။
၎င်းနောက်
 ကာလကတ္တားမြို့၊ ဗောဓိသုခ ပရဟိတကျောင်းမှ ဆရာတော် ဒေါက်တာ နန္ဒောဘာသ၊ 
မဟာမုနိတိုးတက်ရေး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဝန်ကြီး ဇိတန်ဒြာ ချောင်ဒရီတို့မှ 
အသီးသီးမိန့်ခွန်း ပြောကြားသည်။
တရိပူရ
 ပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ ခုနှစ်ပြည်နယ်အနက် 
တစ်ခုအပါအဝင်ဖြစ် သည်။ အရှေ့ဘက်တွင် အာသံပြည်နယ်နှင့် မီဇူရမ်ပြည်နယ်၊ 
တောင်၊ မြောက်နှင့် အနောက်ဘက်တွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံတို့ ဝိုင်းရံထားသည်။
 ရာသီဥတု အခြေအနေမှာ သာယာသည်။ နွေရာသီ၌ အမြင့်ဆုံး အပူ ရှိန်မှာ ၃၆ ဒသမ ၆ 
ဆဲလ်ချ ဒီဂရီဖြစ်ပြီး၊ အနိမ့်ဆုံးမှာ ၁၇ ဒသမ ၉ ဆဲလ်ချ ဒီဂရီဖြစ်သည်။ 
ဆောင်းရာသီ၌ အမြင့်ဆုံး အပူရှိန်မှာ ၂၈ ဒသမ ၉၊ အနိမ့်ဆုံးမှာ ၇ ဒသမ ၇ 
ဆဲလ်ချ ဒီဂရီဖြစ်သည်။ တရိပူရပြည်နယ်၏ စုစု ပေါင်း လူဦးရေမှာ ၂၀၀၁ ခုနှစ် 
သန်းခေါင်စရင်းအရ ၃၁၉၁၁၆၈ ဖြစ်သည်။ ပြည်နယ်သည် စုစုပေါင်း ၁၀၄၉၂ စတုရန်း 
ကီလိုမီတာ ရှိပြီး အိန္ဒိယနိုင်ငံ စုစုပေါင်း ဧရိယာ၏ သုည ဒသမ ၃၂ 
ရာခိုင်နှုန်းဖြစ်သည်။ အိန္ဒိယနိုင်ငံ ၏ပြည်နယ်များအနက် တတိယအသေးဆုံး 
ပြည်နယ်လည်းဖြစ်သည်။ ပြည်နယ်ကို ခရိုင်ကြီး ၄ ခုဖြင့် ဖွဲ့စည်း ထားသည်။ 
ယင်းတို့မှာ ဒလိုင်းခရိုင်၊ မြောက်ပိုင်း တရိပူရ ခရိုင်၊ တောင်ပိုင်း 
တရိပူရ ခရိုင်၊ အနောက်ပိုင်း တရိပူ ရခရိုင်တို့ ဖြစ်ကြသည်။ ပြည်နယ်ရှိ 
စုစုပေါင်း မြေဧရိယာ၏ ၆၀ ရာခိုင်နှုန်းမှာ တောတောင်များ ဖြစ်ကြသည်။ ပြည်နယ်၌
 ဘင်္ဂလီလူမျိုးသည် အများဆုံးဖြစ်ပြီး တိုင်းရင်းသား လူမျိုးငယ် ၁၉ မျိုးတို့
 စုပေါင်းနေထိုင်လျက်ရှိ ကြောင်းသိရသည်။ ၄င်းလူမျိုးငယ် ၁၉ မျိုးအနက် 
မောက်လူမျိုးနှင့် သက်လူမျိုးတို့သာ ဗုဒ္ဓဘာသာဝင်များဖြစ် ကြသည်။ 
သကျလူမျိုးများ ဖြစ်ဟန်ရှိသည်ဟု သမိုင်းသုတေသီများက ထင်ကြေးပေးနေကြသော 
ဆန်တာလ်လူ မျိုးတို့လည်း ထိုပြည်နယ်တွင်ပင် နေထိုင်လျက်ရှိကြောင်း 
တွေ့ရပါသည်။ ၁၉၆၁ ခုနှစ် သန်းခေါင်စရင်းအရ ဗုဒ္ဓ ဘာသာ ဦးရေမှာ ၃၂၇၉၀ 
ရှိကြောင်းသိရသည်။ (၂၀၀၁ ခုနှစ် ဘာသာရေးအရ သန်းခေါင်စရင်းကို မကြာမှီ 
ထုတ်ဝေမည်ဟုလည်း သိရသည်။)
တရိပူရသမိုင်းကို
 ရာဇာမာလာခေါ် တရိပူရရာဇဝင်၌ ကောင်းစွာ လေ့လာနိုင်ပါသည်။ ရာဇမာလာအဆို အရ 
တရိပူရနိုင်ငံကို တစ်ချိန်တုန်းက တရိပူရအမည်ရှိသော ဘုရင်တစ်ပါး 
အုပ်ချုပ်ခဲ့သည်ဟု ဆိုသည်။ ၄င်းဘု ရင်ကို အစွဲပြု၍ တရိပူရ ဟူသော 
အမည်တွင်လာကြောင်း ရှင်းပြထားသည်။ တစ်ချို့ကလည်း တိပ္ပေရတောင် ကို အစွဲပြု၍ 
တရိပူရတွင်လာကြောင်း ယူဆကြသည်။ ဒေသခံသူတေသီများအဆိုအရ တရိပူရဟူသည် တူအိ 
နှင့် ပရ ဟူသော စကား ၂ လုံးမှ ဆင်းသက်လာသည်ဟု ဆိုသည်။ (တူအိ=ရေ၊ 
ပရ=အနီးအနား၊ တရိပူရ=ရေ နှင့်စပ်သော နေမြေ)။ သို့ရာတွင် မစ္စတာ ဟန်တာ၏ 
အဆိုအရ တရိပူရသည် ဦးဒိုင်ပူမြို့ရှိ တရိပူရဒါန အမည်ရှိ 
ဟိန္ဒူဘုရားကျောင်းကို အစွဲပြုခေါ်တွင်လာကြောင်းလဲ သိရသည်။ တရိပူရဒါန 
ဟိန္ဒူဘုရားကျောင်းသည် နေ နတ်သားကို ရည်ရွယ်၍ ဆောက်လုပ်လှူဒါန်းသည်ဟု 
ဆိုသည်။ ဤအဆိုသည် များစွာ ဆီလျော်မှုရှိကြောင်း မစ္စတာ ဘရောင်းကလည်း 
လက်ခံသည်။ မိမိအနေဖြင့်လည်း ဤအဆိုကို ထောက်ခံပါသည်။ သို့ရာတွင်  သမိုင်း၏ အတိအကျကိုမူ ဆက်လက် လေ့လာရအုံးမှာ ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ
 နေရောင်ခြည် (နေနတ်သား)ကို အစွဲပြုခေါ်တွင်လာသော ဤတရိပူရ ပြည်နယ်၌ 
မြန်မာနိုင်ငံပြည်တွင်း ပြည်ပသာသနာပြု အလိုတော်ပြည့်ဆရာတော်ဘုရား ဦးစီး၍ 
ရန်ကုန်မြို့၊ အမှတ်--------- နေ ဘုရားဒါယကာ ဦးမြင့်စိုး၊ ဘုရားဒါယိကာမ 
ဒေါ်နှင်းနှင်းအေးတို့ မိသားစု တည်ထားလှူဒါန်းပူဇော်အပ်သော “ဗောဓိသုခ 
ဓမ္မဓာတု အလိုတော်ပြည့်စေတီတော်” သည် နှစ်ပေါင်းများစွာ နေခြည်မှာ 
ရွှေရည်လောင်းနေမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
 
 
 
 
 
No comments:
Post a Comment