မဇ္ဈိမ ဘုရားဖူး၊ သာသနာပြုဒါနနှင့် ကျောင်းအလှူ
ဘုရားလည်းဖူး လိပ်ဥလည်းတူး ဆိုသည့် စကားကို အပြုသဘောဖက်က အဓိပ္ပါယ်ဆောင်သင့်ကြသည်မှာ ခေတ်အဆက်ဆက်၌ လိုအပ်ချက်တခုဖြစ်ခဲ့သည်။ ယခုခေတ် ဘုရားဖူးတွေလည်း ဆင်ခြင် ကျင့်သုံးကြ ဖို့လိုအပ်ဆဲ။ ခုရော နောင်ပါ ခေတ်အဆက်ဆက် ဘုရားဖူးများ အတွက်ပါ သမိုင်းနှင့်ချီသော နမူနာတွေက အများသား။ ပညာနှင့်ယှဉ်သော သူတော်ကောင်း သာသနာပြု ဘုရားဖူးတို့ကား ခရီးမထွက်ခင်ကတည်းက လှူရေး ဒါန်းရေး သာသနာရေးအတွက် (၀ါ) အပြုသဘော-လိပ်ဥတူးနိုင်ရေးအတွက်လည်း ခရီးစရိတ်ထဲတွင် (ခရီးစဉ်ထဲတွင်) သက်သက်လျာထား လာခဲ့ကြပြီးသားဖြစ်သည်။
သာဓကတချို့ မှာ --
- သိရီဓမ္မာသောက မင်းကြီးသည် ဗုဒ္ဓ၏ အမှတ်ရ အောက်မေ့ဖွယ် (သံဝေဇနိယ) ဌာန၊ ဘုရားရှင် တိုင်းနှင့်သက်ဆိုင်သည့် (အ၀ိဇဟိတ) ဌာနများ အားလုံးတွင် ဧရာမ ကျောက်စာတိုင်ကြီးများ စိုက်ထူခြင်းဖြင့်
ဘုရားရှင်နှင့် ပတ်သတ်သည့်နေရာတော်များကို ထာဝရလုံခြုံရေးချခဲ့သည်။ ဘုရားတည် ကျောင်းဆောက် လိုအပ်သမျှ သာသနာပြုခဲ့သည်။ ယနေ့ ဘုရားဖူးများ၊ ကမ္ဘာ့လူသားများအားလုံးအတွက် လူသားအမွေဖြစ်သည်အထိ အကျိုးဖြစ်ခဲ့သည်။
- ကနိသျှက၊ ဟာသျှဝဒါနနှင့် အလောင်းစည်သူ၊ ကျန်စစ်သား၊ မင်းထီး၊ မင်းလက်ယာ၊ မင်းတုန်း ခေတ်အဆက်ဆက် သာသနာပြုမင်းများမှသည် ယနေ့ခေတ် နိုင်ငံတကာမှ အုပ်ချုပ်သူများ၊ ချမ်းသာသူများ၊ တတ်သိ စွမ်းဆောင်နိုင်သူများ၊ စေတနာ ထက်သန်သူများအားလုံးတို့သည် ဘုရားနေရာတော်များအတွက်ရော၊ သာသနာအရှည်တည် ကျယ်ပြန့် ရေးအတွက်ပါ တတ်အားသရွေ့ ကြိုးစားပါဝင်ဆောင်ရွက်ခဲ့ကြသည်။ စိုက်ထုတ်လှူဒါန်းခဲ့ကြသည်။ ထို့ကြောင့်လည်း ဤဘုရားပွင့်ရာ အိန္ဒိယ တ၀ိုက်၌ ဗုဒ္ဓဘာသာရောင်ဝါသည် သာသနာပ မိစ္ဆာဝါဒီများကြား၌ပင်ဖြစ်သော်လည်း တရှိန်ရှိန်လက် တက်မြဲတက်၊ တိုးမြဲတိုး၍ မညှိုးမမှိန်ရှိနေနိုင်သေးခြင်းဖြစ်သည်။
မြန်မာနှင့် အိန္ဒိယ အိမ်ဦးနှင့်ကြမ်းပြင်အလား ဥဒဟို ၀င်ထွက်သွားလာ ဖြတ်သန်းကြရာ ဆုံရပ်တခုမှာ ကာလကတ္တားမြို့တော်ဖြစ်သည်။ မြို့တော်ဆင်ခြေဖုန်းတနေရာရှိ ရွာနယ်တခုအလား ကျယ်ဝန်းလွတ်လပ်၍ အေးချမ်း လုံခြုံ နွေးထွေးစွာတည်းခိုနိုင်သော ဗောဓိသုခပရဟိတကျောင်းတိုက်ထဲတွင် ဆောက်လုပ်ဆဲ သံဃနိဝါသ လေးထပ်ဆောင်ကြီးအတွက် မြန်မာနှင့် ကမ္ဘာ့နေရာ အသီးသီးမှ မတည် လှူဒါန်းသူများ၊ အခန်းလိုက်အလှူရှင်များ၊ တတ်အားသရွေ့ အလှူရှင်များ စုပေါင်းပါဝင်လှူဒါန်းကြလျှက်ရှိပါသည်။
ယခု ကျောင်းဒါယိကာမကြီး ဒေါ်ညွန့်နှင့် သမီးမသင်းသင်းခိုင်တို့သည် ရန်ကုန်ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့နှင့် မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံသို့ ဘုရားဖူးလာကြရာ ကာလကတ္တားမြို့၊ ဗောဓိသုခ ပရဟိတကျောင်းသို့ ၁/၁/၁၁ နေ့ ရောက်ရှိလာခဲ့ကြည်။ ဆောက်လုပ်ဆဲ ကျောင်းမပြီးမပြတ်နှင့် အတော်လိုနေသေးသည်ကိုတွေ့လိုက်ရသည်နှင့် သဒ္ဓါတရားပေါက်ပွါးကာ အခန်း (၂) ခန်းစာ အတွက် အမေရိကန်ဒေါ်လာ ၄၀၀၀ လှူဒါန်းသွားခဲ့သည်။ ကွယ်လွန်သူ ဦးမင်ဆွေ (ခ) ဦးလူမီဟို အားရည်စူး၍ ကျောင်းဒါယိကာမကြီး ဒေါ်ညွန့်၊ သား မောင်ကျော်ဦး၊ သမီး မသင်းသင်းခိုင်၊ မသင်းသင်းမော်နှင့် မြေးများ မိသားစုမှ လှူဒါန်းသည့် ဒေါ်လာ ၄၀၀၀ သည် အိန္ဒိရူပီးငွေအားဖြင့် တသိန်းနီးပါးဖြစ်ပြီး အခန်းကြီး (၂) ခန်းကို မကြာမှီ အပြီးသတ်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ဓါတ်ပုံမှာမြင်ရသည့်အတိုင်း ဗောဓိသုခပရဟိတကျောင်း ဆရာတော် ဒေါက်တာ နန္ဒောဘာသမှလည်း အလှူရှင်များ ထာဝရ အပရစေတနာပွါးများနိုင်စေရန်အတွက် ဂုဏ်ပြုမှတ်တမ်း ချီးမြှောက်ပေးသည်။
သောစ သဗ္ဗဒဒေါဟောတိ၊ ယောဒဒါတိ ဥပသယံ - ဒေသနာတော်အရ ကျောင်းအဆောက်အဦးအတွက် လှူဒါန်းခြင်းမှာ သာသနာတော်အတွက် အရာရာကို လှူဒါန်းရာရောက်ပါသည်။ သာသနာရေးရှေးရေး အားခဲလုပ်ဆောင် ကျားကန်ပေးသည့် ဤကုသိုလ်ထူးအတွက် ကြည်နူးဝမ်းသာ သာဓုခေါ်ကြပါကုန်။
No comments:
Post a Comment