ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Saturday, May 25, 2013

ရှင်ပုဏ္ဏ၏နှလုံးရည်နှင့် သာသနာပြုလုပ်ငန်း

သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌မြတ်စွာဘုရားရှင်သီတင်းသုံးနေတော်မူစဉ် တစ်နေ့တွင်အရှင်အာနန္ဒာသည်ဘုရားရှင်ကိုချဉ်းကပ်လျက် “ အရှင်ဘုရား ဘုရားရှင်တို့သည် ဤဥပုသ်ကိုပင် ပြတော်မူကြပါသလော၊ အခြားသောဥပုသ်ကိုပင်ပြတော်မူကြပါသလော” ဟုမေးလျောက်သည်။ ဘုရားရှင်က ၀ိပဿီစသောဘုရားရှင်တို့သည် ဥပုသ်ပြရန်အချိန်ကာလကွာခြားကြသော်လည်း သြ၀ါဒမှာအတူတူပင်ဖြစ်သည်ဟု မိန့်တော်မူသည်။ ထိုမိန့်တော်မူချက်တွင်………
သဗ္ဗပါပဿအကရဏ၊ံ ကုသလဿူပသမ္ပဒါ။
                             သစိတ္တပရိယောဒပနံ၊ ဧတံဗုဒ္ဓါန သာသနံ။
                                                                             (ဓမ္မပဒ၊ ၁၈၃)

          ဟူ၍ဘုရားရှင်တို့၏သာသနာကိုအချုပ်မျှထုတ်ပြဟောညွန်ခဲ့သည်။ ထိုဗုဒ္ဓသာသနာအနှစ်ချုပ်မှာ….
                             “မကောင်းမှုဟူသမျှကို မပြုလုပ်ခြင်း
                             ကောင်းမှုကုသိုလ်နှင့်ပြည့်စုံစေခြင်း
                             မိမိစိတ်ကိုဖြူစင်စေခြင်း -ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်တည်း။” ဟူ၍ဖြစ်သည်။ ထိုဆုံးမချက်ကို…….
                             “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်
                             စင်အောင်စိတ်ကိုထား” `ဟု မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးက ဆောင်ပုဒ်ပြုလုပ်ထားခဲ့လေသည်။ ဤဆောင်ပုဒ်အတိုင်းပင် ဗုဒ္ဓ၏အဆုံးအမ ဗုဒ္ဓသာသနာ၏ လိုရင်းအချုပ်မှာ မကောင်းမှုဟူသမျှကိုမပြုလုပ်ဘဲ ရှောင်ကြည်ခြင်း ကုသိုလ်ကောင်မှုနှင့်ပြည့်စုံအောင် အားထုတ်ခြင်းနှင့်၊ မိမိစိတ်ကိုဖြူစင်အောင်ကြိုးစားပွားများခြင်းပင်ဖြစ်သည်။ ဤတွင်ရှောင်ကြည်ရမည့် မကောင်းမှုသည် မည်သို့သဘောရှိပါသနည်း၊ မကောင်းမှု၏သဘောသဘာဝကို( ဓမ္မပဒ ၁၅၊၁၇)ကဤသို့ဆိုထားသည်။
          “ ပြုလုပ်နေစဉ်မှာလည်းစိုးရိမ်ရ၊ ပူပန်ရ ပြုလုပ်ပြီးသောအခါမှာလည်းစိုးရိမ်ရ ပူပန်ရ၊ ပစ္စုပ္ပန်တမလွန်နှစ်တန်လုံး၌ စိုးရိမ်ရ ပူပန်ရသောအမှုသည် မကောင်းမှု၏သဘောဖြစ်လေသည်။” ယင်းမကောင်းမှု၏တရားကိုယ်မှာကား လောဘ၊ ဒေါသ၊ မောဟ ဖြစ်သည်။ လောဘ ဒေါသ မောဟကိုအခြေခံ၍ကြံစည်ကြသည်၊ ပြောဆိုကြသည်၊ပြုလုပ်ကြသည်။
          မကောင်းမှုနှင့်ဆန့်ကျင်ဘက်သဘောမှာ ကောင်းမှုဖြစ်သည်။ထိုကောင်းမှု၏သဘောမှာ မည်သို့ရှိသနည်း၊ ယင်ကိုလည်း(ဓမ္မပဒ ၁၆၊၁၈)ကဤသို့ဆိုထားသည်။
          “ ပြုလုပ်နေစဉ်မှာ နှစ်သက်ဝမ်းမြောက်ရသည်၊ ပြုလုပ်ပြီးသောအခါ၌လည်း နှစ်သက်ဝမ်းမြောက်ရသည်၊ ပစ္စုပ္ပန်တမလွန်နှစ်တန်စလုံး၌ နှစ်သက်ဝမ်းမြောက်ရသည်။ထိုအမှုကိုပြုသူသည်မိမိ၏စင်ကြည်သောအလုပ်ကို ပြုလုပ်နေသည်ကိုသိမြင်ရ၍ အလွန်ပင်နှစ်သက်ဝမ်းမြောက်ရသည်။”
          ထိုကောင်းမှု၏တရားကိုယ်မှာ အလောဘ၊ အဒေါသ၊ အမောဟ တို့ဖြစ်ကြသည်။ ယင်းအလောဘ၊ အဒေါသ၊အမောဟတို့ကိုအခြေခံ၍ ကြံစည်မှု၊ပြောဆိုမှု၊ကြံစည်မှုတို့ကိုပြုလုပ်နေခြင်းသည် ကောင်းမှုကုသိုလ်ကိုပြုလုပ်နေခြင်းပင်ဖြစ်လေသည်။ ကောင်းမှုကုသိုလ်များတိုးပွားအောင်မိမိစိတ်ကိုဖြူစင်အောင်ပွားများအားထုတ်နေသမျှသည် မြတ်စွာသာသနာ၊ မြတ်စွာဘုရား၏ အဆုံးအမတည်အောင်အားထုတ်နေခြင်းပင်ဖြစ်သည်ဟုဆိုနိုင်သည်။ တစ်နည်းအားဖြင့်ပြောရလျင်သာသနာပြုနေခြင်းပင်ဖြစ်သည်။ မိမိ၏စိတ်နှလုံး၌ မကောင်းမှုဟူသမျှကင်းစင်ပြီး ကောင်းမှုကုသိုလ်တရားဖြင့်ပြည့်စုံကာစိတ်ဖြူစင်နေလျင် မိမိ၏နှလုံးသား၌ မြတ်စွာဘရား၏အဆုံးအမ၊မြတ်စွာဘုရား၏သာသနာတည်နေသည်ဟုဆိုနိုင်သည်။ သို့ဖြစ်၍သာသနာပြုခြင်းဆိုသည်မှာလည်း ထိုလောဘ၊ ဒေါသ၊မောဟတရားတို့ ကင်းစင်အောင်ပြုလုပ်အားထုတ်နေခြင်းသာဖြစ်သည်။ မိမိ၏စိတ်နှလုံး သူတပါး၏စိတ်နှလုံး၌ရှိနေသောယင်းလောဘ ဒေါသ မောဟအညစ်အကြေးများကို သန့်ရှင်စင်ကြည်အောင်ခြင်းသည်သာသနာပြုနေခြင်းဖြစ်သည်။ ပြောင်းပြန်အားဖြင့်ဆိုရလျင်ကား လောဘ ဒေါသ မောဟတရားတို့ကိုကင်းစင်အောင်မပြုလုပ်ဘဲ ယင်းလောဘ ဒေါသ မောဟတရားတို့ တိုးပွားအောင်ပြုလုပ်နေခြင်းသည် စင်စစ်သာသာနာပြုနေခြင်းဟုမဆိုနိုင်ပေ။ မြတ်စွာဘုရား ၄၅ ၀ါကာလပတ်လုံး မနားမနေ သတ္တ၀ါတို့အားတရားဟောတော်မူခြင်းသည် သတ္တ၀ါတို့၏သန္တာန်၌ကိန်းနေသော လောဘ ဒေါသ မောဟ အညစ်အကြေးတို့ကိုတရားဓမ္မအမြိုက်ရေဖြင့်ဆေးကြောပြီး ကောင်းမှုကုသိုလ်တရားတို့ဖြင်ပြည့်စုံစေကာ ချမ်းသာသုခတရားများခံစားကြရစေခြင်းအတွက်သာဖြစ်သည်။ သို့ဖြစ်၍မိမိ၏စိတ်နှလုံး၌ လောဘ ဒေါသ မောဟတရားတို့ ဘယ်အတိုင်းအတာထိနည်းပါးသနည်း နည်းပါးသည်နှင့်အမျှမြတ်စွာဘုရား၏အဆုံးအမသာသနာသည်လည်း မိမိ၏သန္တာန်၌ ယင်းအတိုင်းအတာနှင့်အညီတည်ရှိနေသည်ဟုဆိုနိုင်သည်။
          သာသနာသည်ကိလေသာအပူခပ်သိမ်းကင်းငြိမ်းသော အေးချမ်းမှုအတိဖြင့်ပြီးပြည့်စုံသောမြတ်စွာဘုရား၏ မေတ္တာနှလုံးသားအလျဉ်မှစီးဆင်းပေါ်ထွက်လာခဲ့သည်ဖြစ်၍ ထို့ပြင်ကိလေသာများစင်ကြယ်ပြီးအေးချမ်းသော နှလုံးသားပိုင်ရှင်ဖြစ်သော သူတော်စင်များအဆက်ဆက် သယ်ဆောင်လာခဲ့သည့်အမွေမြတ် အမွေမွန်ဖြစ်လေသည်။ သို့ဖြစ်၍ သာသနာသည် ကမ္ဘာလောကကြီးအားအလှဆင်ပေး၏။ သာသနာပျံ့နှံ့သလောက် ကမ္ဘာကြီးတွင်ငြိမ်းချမ်းမှုလည်းတိုးပွားလာမည်ဖြစ်ပေ၏။ သို့ဖြစ်၍ မြတ်စွာဘုရား၏ သာသနာတော် တည်တန့်ဖို့အတွက်လည်းကောင်း၊ ပြန့်ပွားဖို့အတွက်လည်းကောင်း ကြိုးစားအားထုတ်ကြရာ၌ သာသနာတော်နှင့် ထိုက်တန်သော မေတ္တာနှလုံးသားထားရှိဖို့လည်းအရေးကြီးပေ၏။ လောဘ ဒေါသ မောဟတရားဆိုးများဖုံးလွှမ်းပြီးမေတ္တာတရားခေါင်းပါးသောပုဂ္ဂိုလ်၊ ဒေသတို့၌ သာသနာတည်တန့်ပြန့်ပွားဖို့မဖြစ်နိုင်ပေ။ ထို့ကြောင့်လောက၌သာသနာပေါ်ပေါက်လာဖို့ခဲယဉ်းသလို ဘုရားမရှိသည့်နောက် သာသနာတော်ပျောက်ကွယ်မသွားအောင်ထိန်းသိမ်းစောင့်ရှောက်ဖို့မှာလည်းမလွယ်ကူတောပေ။ သာသနာပြုလုပ်ငန်းကိုလုပ်ရာတွင်လည်း တစ်ဦးကောင်း တစ်ယောက်ကောင်း စနစ်ဖြင့်လုပ်ဆောင်၍ရသောအရာလည်းမဟုတ်ပေ။ သာသနာတော်ကိုထိန်းသိမ်းရေး၊ ပြန့်ပွားစေရေးသည် သာသနာတော်ကိုလက်ခံယုံကြည်သူနှင့် သာသနာပြုပုဂ္ဂိုလ်တို့၏ စွမ်းဆောင်ရည်ရှိမှုအပေါ်တွင်များစွာတည်၏။
`        သာသနာပြုလုပ်ငန်းကိုလုပ်ရာတွင် အမည်ခံကိုယ်ကျိုးရှာသဘောမဟုတ်ဘဲ မိမိကိုယ်တိုင်က သာသနာအပေါ်တွင်လေးလေးနက်နက်ယုံကြည်သက်ဝင်မှုရှိပြီး၊ ဇွဲဝီရိယကြီးကြီးဖြင့် ကိုယ်ကျိုးကိုမကြည့်ဘဲ၊ သူတပါးတို့၏အပေါ်၌ မေတ္တာတရားကြီးမားစွားထားကာစွမ်းဆောင်နိုင်ဖို့လိုသည်။ သာသနာပြုလုပ်ငန်းကိုပြုလုပ်ဆောင်ရွက်သည့်ပုဂ္ဂိုလ် ကိုယ်တိုင်ကလည်း အသိပညာကြွယ်ဝပြီး သီလ သမာဓိပညာစသောကိုယ်ကျင့်တရားနှင့်ပြည့်စုံဖို့အရေးကြီးလေသည်။ ထို့ပြင်မိမိသိခွင့်ကျင့်ခွင့်ရထားသော သီလ သမာဓိပညာစသောတရားများကို သူတပါးတို့အားဖြန့်ဝေသည်အနေဖြင့်ဟောပြောပို့ချ မျှဝေပေးနိုင်ဖို့လည်းအရေးကြီးပေသည်။
          မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်တုန်းက သာသနာပြုလုပ်ငန်းကိုဆောင်ရွက်ကြသည့်ရဟန်းတော်များအနက် သုနာပရန္တတိုင်းသားရှင်ပုဏ္ဏသည် ဆုတ်နစ်ခြင်းအလျဉ်းမရှိသော ကြီးမားသော လုံလ၀ီရိယ၊ ကြီးမားသောဇွဲအဓိဋ္ဌာန် ကြီးမားသောစွမ်းပကား၊ပြင်းထန်သောသာသနာပြုစိတ်ဓာတ်ရှိသောစံပြသာသနာပြုပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။ ရှင်ပုဏ္ဏသည် မိမိ၏မွေးရပ်မြေဒေသသို့ မြတ်စွာဘုရား၏ဒေသနာတော်ကိုဆောင်ကြဉ်းသွားသောပထမဆုံးပုဂ္ဂိုလ်လည်းဖြစ်သည်။ ရှင်ပုဏ္ဏမထေရ်၏ မွေးရပ်မြေဇာတိမှာ သုနာပရန္တတိုင်း သို့မဟုတ် မဟာရှတ်တရပြည်နယ်အတွင်းရှိ သုပ္ပာရက ဒေသဖြစ်သည်။ သုပ္ပာရကသည် ဇမ္ဗုဒိပ်ကျွန်းရှိ သင်္ဘောဆိပ်မြို့တစ်မြို့ဖြစ်သည်။ ပုဏ္ဏ၏ဖခင်သည် ကုန်သည်တစ်ဦးဖြစ်ပြီး ခရီးအလှမ်းဝေးကွာသော အရပ်ဒေသများသို့အထိ သွားရောက်လျက် ကုန်ကူးသန်းရောင်းဝယ်သည့် အလုပ်ပြုလုပ်လေ့ရှိသူဖြစ်သည်။ ပုဏ္ဏသည်လည်း မျိုးနွယ်စဉ်ဆက် ဆင်းသက်လာသော ကုန်သည်အလုပ်ကိုပင်ပြုလုပ်သည်။ တစ်ကြိမ်တွင် ပုဏ္ဏသည်ကုန်သည်ကြီးအုပ်စုကြီးတစ်စုနှင့်အတူ သာဝတ္ထိသို့ရောက်ရှိသွားလေသည်။ ထိုအချိန်၌ မြတ်စွာဘုရားသည် သာဝတ္ထိမြို့ရှိ ဇေတ၀န်ကျောင်းတော်၌  သီတင်းသုံးနေတော်မူသည်။ မြတ်စွာဘုရားအထံတော်မှ တရားဒေသနာတော်ကြားနာရသောအခါ ပုဏ္ဏသည် လောကီလူဘောင်ကိုငြိငွေ့လာပြီး သာသနာတော်အတွင်း ၀င်ရောက်လျက် ရှင်ရဟန်းပြုလုပ်လိုသည့်ဆန္ဒ ဖြစ်ပေါ်လာသောကြောင့် မြတ်ဗုဒ္ဓအား လျောက်ထားပြောပြသောအခါ မြတ်ဗုဒ္ဓက ပုဏ္ဏအား ရဟန်းပြုပေးလိုက်သည်။ ရဟန်းပြုပြီးသည့်နောက် ပုဏ္ဏသည် မြတ်ဗုဒ္ဓ၏အထံတော်တွင် နေ့ရက်အတန်ကြာမျှ နေထိုင်သီတင်းသုံးသည်။
          ရဟန်းတာဝန်ဝတ္တရားများကို အပြည့်အ၀လိုက်နာပြုလုပ် ဆောင်ရွက်သောကြောင့်ပုဏ္ဏမထေရ်သည် အားလုံး၏ချစ်ကြည်လေးစားမှုခံရသော မထေရ်တစ်ပါးဖြစ်လာသည်။ သို့သော်လည်း ပုဏ္ဏမထေရ်သည်သာဝတ္ထိတွင်နေလိုစိတ်မရှိဘဲ မိမိ၏ဇာတိဒေသ သုပ္ပာရကသို့ပြန်ပြီး မြတ်စွာဘုရား၏တရားဒေသနာကို ဖြန့်ဖြူးလိုသောအာသီသရှိလာသည်။ ထိုကြောင့်သာဝတ္ထိပြည်၌ အထိုက်အလျောက် နေထိုင်သီတင်းသုံးပြီးသောအခါ တစ်နေ့သောအခါ၌ မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်ပြီးလျင် မိမိ၏ဆန္ဒကိုထုတ်ဖေါ်ပြောပြလို်က်သည်။
          “ အရှင်မြတ်ဘုရား၊ တပည့်တော်သည် မိမိ၏ဇာတိဒေသ သုနာပရန္တတိုင်း သုပ္ပာကရသို့သွားပြီး အရှင်ဘုရားဟောကြားတော်မူသော တရားဒေသနာတော်ကို တစ်ဆင့်ဖြန့်ဖြူးဟောကြားလိုသည့်အတွက် တပည့်တော်အား ခွင့်ပေးပါရန် လျောက်ထားတောင်းပန်ပါ၏ အရှင်သူမြတ်ဘုရား”
          ထိုမျှ ခရီးအလှမ်းဝေးသောဒေသ၌ မြတ်စွာဘုရား၏တရားဒေသနာတော်ကို ကြားနာဖူးခြင်းမရှိသေးပေ။ ယင်းကဲ့သို့ တစိမ်းပြင်ပြင်ဖြစ်နေသောဒေသ၌ ဓမ္မဖြန့်ဖြူးရန် ကြိုးပမ်းအားထုတ်ခြင်းသည် လွယ်ကူသောအလုပ်မဟုတ်မှန်း သိတော်မူ၍ မြတ်ဗုဒ္ဓက ပုဏ္ဏမထေရ်၏ သာသနာပြုလိုသောဆန္ဒ မည်မျှထက်သန်မှုရှိသနည်းဆိုသည်ကို သိလိုသောကြောင့် စစ်ဆေးကြည့်တော်မူသည်။
“ ငါ့ရှင်ပုဏ္ဏ၊ သုနာပရန္တတိုင်းသားတို့သည် စကားအပြောအဆိုပြေပြေပြစ်ပြစ်မရှိဘဲ ကြမ်းကြမ်းတမ်းတမ်း၊ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတတ်ကြ၏။ အကယ်၍ သုနာပရန္တတိုင်းသားများက ငါ့ရှင်ပုဏ္ဏကို ရေရွက်တိုင်းထွာကြမည်ဆိုလျင် သင်မည်ကဲ့သို့သဘောထားမည်နည်း”
          “ အရှင်သူမြတ်ဘုရား…၊ အကယ်၍ သုနာပရန္တတိုင်းသားများက တပည့်တော်ကိုရေရွက်တိုင်းထွာကြမည်ဆိုလျင် သုနာပရန္တတိုင်းသားများသည် တပည့်တော်ကိုရေရွက်တိုင်းထွာကြသော်လည်း လက်ဖြင့် ရိုက်နှက်ပုတ်ခတ်ခြင်းမလုပ်သည့်အတွက် အလွန်တရာတော်သူများဖြစ်ကြ၏ ဟူ၍တပည့်တော်မှတ်ယူပါမည် ဘုရား”
          “ ငါ့ရှင်ပုဏ္ဏ၊ အကယ်၍သုနာပရန္တတိုင်းသားများက လက်ဖြင့်ရိုက်နှက်ပုတ်ခတ်ခြင်းကို ပြုလုပ်ကြမည်ဆိုလျင် သင်မည်ကဲ့သို့သဘောထားမည်နည်း”
          “ အရှင်သူမြတ်ဘုရား၊ သုနာပရန္တတိုင်းသားများသည် လက်ဖြင့် ရိုက်နှက်ပုတ်ခတ်ခြင်း လုပ်ရုံမျှသာလုပ်ပြီး အုတ်ခဲ၊ ကျောက်ခဲများဖြင့် မပေါက်ကြသည့်အတွက် သုနာပရန္တတိုင်းသားများသည် ကျေးဇူးကြီးမားလှပါပေ၏ဟူ၍ တပည့်မှတ်ယူပါမည်ဘုရား”
          “ ငါ့ရှင့်ပုဏ္ဏ၊ အကယ်၍သုနာပရန္တတိုင်းသားများက ငါ့ရှင်ပုဏ္ဏကို အုတ်ခဲ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ကြမည်ဆိုလျင် သင်မည်ကဲ့သို့ပြုလုပ်မည်နည်း”
          “ အရှင်သူမြတ်ဘုရား၊ အကယ်၍ သုနာပရန္တတိုင်းသားများက တပည့်တော်ကို အုတ်ခဲ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ကြမည်ဆိုပါလျင်လည်း သုနာပရန္တတိုင်းသားများသည် တပည့်တော်ကို တုတ်နှင့်မရိုက်သည့်အတွက် ကျေးဇူးကြီးလုပါပေ၏ဟူ၍ တပည့်ယူဆရပါလိမ့်မည်ဘုရား”
          “ ငါ့ရှင်ပုဏ္ဏ၊ အကယ်၍ သုနာပရန္တတိုင်းသားများက သင့်ကိုတုတ်နှင့်ရိုက်ကြမည်ဆိုလျင် သင်မည်ကဲ့သို့ပြုလုပ်မည်နည်း”
          “ အရှင်သူမြတ်ဘုရား၊ အကယ်၍ သုနာပရန္တတိုင်းသားများသည် တပည့်တော်ကိုတုတ်နှင့်ရိုက်သည်ဆိုလျင်လည်း တပည့်တော်ကို လက်နက်ဖြင့် မထိုးနှက်၊ မတိုက်ခိုက်သည့်အတွက် ယဉ်ကျေးသူများဖြစ်၏ဟု သဘောထားပြီး သူတို့တပည့်တော် ချီကျူးစကား မပြောကြားဘဲနေ၍ ဖြစ်လိမ့်မည်မဟုတ်ပါဘုရား”
          “ ငါ့ရှင်ပုဏ္ဏ၊ အကယ်၍ သုနာပရန္တတိုင်းသားများက သင့်ကို လက်နက်ဖြင့်ထိုးနှင်တိုက်ခိုက်မည်ဆိုလျင် သင်မည်ကဲ့သို့သဘောထားမည်နည်း”
          “ အရှင်သူမြတ်ဘုရား၊ သုနာပရန္တတိုင်းသားများသည် တပည့်တော်အား ထက်သောလက်နက်ဖြင့် အဆုံးမစီရင်သည့်အတွက် ကျေးဇူးကြီးမားသူများဖြစ်ကြပါပေ၏ဟူ၍ တပည့်တော်ထင်မှတ်ယူရပါမည် ဘုရား”
          “ ငါ့ရှင် ပုဏ္ဏ၊ အကယ်၍ သုနာပရန္တတိုင်းသားများက သင့်ကို ထက်သောလက်နက်ဖြင့် အဆုံးစီရင်မည်ဆိုလျင် သင်မည်သို့ပြုလုပ်မည်နည်း”
          “ အရှင်မြတ်ဘုရား၊ လူတစ်ချို့သည် အသက်ရှင်နေရခြင်းကို ငြီးငွေ့လာပြီး မိမိကိုယ်မိမိ အဆုံးစီရင်ရန်အတွက် လက်နက်ကိုရှာကြပါ၏။ သုနာပရန္တတိုင်းသားများသည် တပည့်တော်အားထက်သော လက်နက်ဖြင့် အဆုံးစီရင်လိုက်သည့်အတွက် တပည့်တော် လက်နက်တစ်စုံတရာ ရှာစရာမလိုတော့ပါ။ သို့ပါ၍ သုနာပရန္တတိုင်းသားများသည် တပည့်တော်အတွက်အလွန်တရာ ကျေးဇူးများသူများဖြစ်မည်ဟူ၍ ထင်မှတ်ရပါမည်ဘုရား”
          “ သာဓု…သာဓု…သာဓု…ငါ့ရှင်ပုဏ္ဏ၊ သင်သည် သုနာပရန္တတိုင်းသို့ သွားပြီး စိတ်ချလက်ချ နေနိုင်၊ သာသနာပြုနိုင်သော ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်ဟု ငါအသိအမှတ်ပြုလိုက်ပြီ “
          ခရီးအလွန် အလှမ်းဝေးသောနယ်မြေဒေသသို့ မြတ်စွာဘုရား၏အဆုံးအမဖြစ်သောတရားဓမ္မဖြန့်ဖြူးဖို့သွားရန်၊ သာသနာပြုရန်အတွက် ပုဏ္ဏမထေရ်ကဲ့သို့သောဇွဲ သတ္တိနှင့်ပြည်စုံသော ရဟန်းငယ်၊ ရဟန်းရွယ်များ များစွာလိုအပ်သည်။ မြတ်စွာဘုရား၏ ခွင့်ပြုချက်ကိုရယူပြီးလျင် ပုဏ္ဏမထေရ်သည် မိမိ၏ မွေးရပ်မြေဖြစ်သောသုနာပရန္တတိုင်းသို့ ထွက်ခွါသွားလေသည်။ ပါဠိသုတ္တန်များ၏ အဆိုအရ ပုဏ္ဏမထေရ်သည် ထိုနှစ်ထဲ၌ပင်လူပေါင်းငါးရာတို့အား မြတ်စွာဘုရား၏သာသနာတော်ကို သက်ဝင်ယုံကြည်အောင် စွမ်းဆောင်တော်မူခဲ့လေသည်။ ပုဏ္ဏမထေရ်သည် မဟာရှတ်တရပြည်နယ် သို့မဟုတ် သုနာပရန္တတိုင်းသို့ မြတ်စွာဘုရား၏ အဆုံးအမသာသနာကို စတင်ချသူဖြစ်ပြီး မြတ်စွာဘုရားထံသို့ ပြန်လည်ကြွသွားနိုင်ခြင်းမရှိပေ။ သို့သော်လည်း ပရိနိုဗ္ဗာနစံဝင်ချုပ်ငြိမ်းသွားသော သတင်းစကားမှာမူ မြတ်စွာဘုရားထံ ရောက်ရှိသွားသည်။ သာသနာပြု ရဟန်းတော်များကြားတွင်ပုဏ္ဏသည် သုနာပရန္တတိုင်းမှ ပုဏ္ဏ ဟူသောအမည်ဖြင့်ကျော်ကြားသူဖြစ်သည်။
          သာသာနာပြုလုပ်ငန်းအပေါ်ထားရှိသော အရှင်ပုဏ္ဏမထေရ်၏ စိတ်သဘောထားကိုကြည့်လျင် လောကအပေါ်မည်မျှ မေတ္တာထားသနည်း၊ သတ္တ၀ါများအားမည်မျှသနားသနည်းဆိုသည်ကိုသိနိုင်သည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူသွားသည်မှာ နှစ်ပေါင်း (၂၅၀၀) ကျော်ခဲ့ပြီးဖြစ်သော်လည်း မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်ကို မျက်ဝါးထင်ထင်တွေ့မြင်နေရသည်မှာ သာသနာပြုအာဇနည် မထေရ်မြတ်များ၏ ကြီးမားသော ဇွဲလုံလ ၀ီရိယကျေးဇူးကြောင့်ပင်ဖြစ်သည်။ကံကောင်းထောက်မစွာ သာသနာတော်နှင့်မျက်ဝါးထင်ထင် တွေ့ကြုံနေရခိုက် သာသနာတော်၏ အဆုံးအမတိုင်း မကောင်းမှုဟူမျှကိုရှောင်ကြည်ပြီး၊ ကောင်းမှုကုသိုလ်တရားများကိုဖြည့်ဆည်းကာ မိမိတို့၏ စိတ်ကိုဖြူစင့်အောင်ပွားမားအားထုတ်လျက် မြတ်စွာ၏ဘုရား၏ သာသနာတော် ကမ္ဘာတည်သရွေ့တည်တန့် ရှင်သန်အောင် စွမ်းဆောင်နိုင်သော သာသနာပြုပုဂ္ဂိုလ်များ များစွာလိုအပ်သလို၊ သာသနာပြုနိုင်သောပုဂ္ဂိုလ်များကို ပြုစုပျိုးထောင်ပေးဖို့ လည်းအလွန်ပင်အရေးကြီးသည်။
          အသောကမင်း လက်ထက်က တတိယသင်္ဂါယနာ၏ အကြီးမှုးဖြစ်သော အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်သည် သင်္ဂါယနာတင်အပြီးတွင် “ပြည်ပဒေသများတွင်မြတ်ဗုဒ္ဓ၏ အဆုံးအမသာသနာကို ဘယ်လိုဖြန့်ဖြူးရမည်နည်း” ဟုတွေးတောစိတ်ကူးမိလေသည်။ ထိုအခါသူသည် အောက်ပါရဟန်းတော်တို့အား  သာသနာပြုတာဝန်ကို တိုင်းနိုင်ငံ ဒေသအသီးသီးသို့ ပို့ဆောင်တာဝန်ပေးလေသည်။ မဇ္ဖန္တိကမထေရ်ကို ကရှမိရနှင့် ဂန္ဓာရတိုင်းသို့ပို့လေသည်။ မဟာဒေ၀မထေရ်ကို မိဟိသက မဏ္ဍလသို့ပို့လသည်။ ရက္ခိတမထေရ်ကို အပရန္တသို့လည်းကောင်း၊ မဟာဓမ္မရက္ခိတမထေရ်ကို မဟာရဋ္ဌသို့လည်းကောင်၊ မဟာရက္ခိတ မထေရ်ကို ယောနကလောက(ဂရိတ်တိုင်းများ)သို့များလည်းကောင်း၊ မဇ္ဈိမ မထေရ်ကို ဟိမ၀တ (ဟမိဝန္တာ) ဒေသသို့လည်းကောင်း၊ သောဏနှင့် ဥတ္တရမထေရ်ကို သုဝဏ္ဏဘုမ္မိသို့လည်းကောင်း၊ မဟိန္ဒမထေရ်ကို ဣဋ္ဋိလ၊ ဥတ္တိယ၊သမ္ဗလ၊ ဘဒ္ဒသာလမထေရ်တို့နှင့်အတူ တမ္ဗပဏ္ဏိ သီဟိုဠ်ကျွန်းသို့လည်းကောင်း ပို့လေသည်။ အသောကမင်းလက်ထက်၌ ဗုဒ္ဓဘာသာသည် အောင်ပွဲခံသောခေတ်ဖြစ်လေသည်။ ထိုခေတ်က သာသနာပြုလုပ်ငန်းကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းတို့၏ အစီအစဉ်ဖြင့် ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုအဖွဲများ စေလွှတ်၍ သာသနာပြု လုပ်ငန်းကိုကျယ်ပြန့်စွာ ပြုလုပ်နိုင်ခဲ့သည့်အတွက်ကြောင့်း ယနေ့ တိုင်အောင် မြတ်ဗုဒ္ဓ၏သာသနာတော်သည် ဆက်လက် ထွန်းလင်းတောက်ပနေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နေရခြင်းဖြစ်သည်။ တောက်ပနေသော မြတ်ဗုဒ္ဓ၏ သာသနာတောကို ပို၍ပို၍ဆက်လက်တောက်ပနိုင်အောင်ထိန်းသိမ်း ကြိုးစားရမည့်တာဝန်မှာလည်း သာသနာပြု ပုဂ္ဂိုလ်များနှင့် သာသနာတော်ကို ထောက်ပံ့ကြသော၊ သာသနာတော်ကို ယုံကြည်ကိုးကွယ်ကြသော ပုဂ္ဂိုလ်များတို့၏ အပေါ်၌များစွားတည်နေပေသည်။
                                                အရှင်အာလေက၊ သာသနဓဇဓမ္မာမရိယ

1 comment:

Unknown said...

We are urgently in need of kidney donors in Kokilaben Hospital India for the sum of $500,000,00,( 3 CRORE INDIA RUPEES) All donors are to reply via Email only: hospitalcarecenter@gmail.com or Email: kokilabendhirubhaihospital@gmail.com
WhatsApp +91 7795833215