ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Sunday, June 9, 2013

ဗုဒ္ဓဂယာမဟာဗောဓိပရဟိတကျောင်း စတင်ဆောက်လုပ်


အိန္ဒိယနိုင်ငံ၊ မဇ္ဈိမဒေသ၊ ဗုဒ္ဓဂယာ၌ မဟာဗောဓိပရဟိတကျောင်းကို( ၆၊ ၆၊ ၂၀၁၃)နေ့ နံနက်(၉.၃၀)အချိန်တွင် ပန္နက်ရိုက် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်ကာ မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးပညာရှင် အင်ဂျင်နီယာ ဦးသိန်းထူးအေး ဦးစီးလျက် ပထမဆုံးသော ဗောဓိရုက္ခမူလအမည်ရှိ (၅)ထပ်ကျောင်းဆောင်တော်ကြီးကို စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်းသိရသည်။
ထိုဗောဓိရုက္ခမူလအမည်ရှိ(၅)ထပ်ကျောင်းဆောင်တော်ကြီး၏ ပန္နက်ရိုက်၊ အုတ်မြစ်ချမင်္ဂလာအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ မဇ္ဈိမဒေသ သာသနာပြု၊
ဗုဒ္ဓဂယာမြန်မာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏိန္ဒ၊ ဗီဟာပြည်နယ် တရုတ်ကျောင်းဆရာတော် ဒေါက်တာ ပညာလင်္ကာရ၊ ဗုဒ္ဓဂယာ မဟာအောင်မြေကျောင်းတိုက်ဆရာတော် ဒေါက်တာသုန္ဒရနှင့် ပင့်သံဃာ(၁၅)ပါးတို့ကြွရောက်တော်မူကြပြီး အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ပေးကြသည်။
ထိုမဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်ကို အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသမှ ဦးစီးဦးဆောင်ပြုလျက်မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ အလှူရှင်များ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့်(၃၂၄၀၀) စတုရန်းပေအကျယ်အ၀န်းရှိမြေကွက်အား ၀ယ်ယူကာ ငါးထပ်ကျောင်းဆောင်တော်ကြီးအဖြစ်ဆောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။ ထိုကျောင်းဆောင်တော်ကြီးကို ဧပြီလမှ စတင်ဆောက်လုပ်ရန်ရည်ရွယ်ထားခဲ့သော်လည်း ကျောင်းတိုက်အား တာဝန်ယူဆောက်လုပ်မည့် မြန်မာနိုင်ငံမှ အင်ဂျင်နီယာများနှင့် အလုပ်သမားများမှာ အကြောင်းအမျိုးမျိုးကြောင့် ယင်းသတ်မှတ်ထားသောဧပြီလတွင် မရောက်နိုင်ခဲ့သဖြင့် ယခုကဲ့သို့(၂) လ ခန့်နောက်ကျပြီးမှ စတင်ဆောက်လုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဒေါက်တာနန္ဒောဘာသမှမိန့်ကြားသည်။ အဆိုပါ ဗောဓိရုက္ခမူလကျောင်းဆောင်တော်ကြီးမှာ အလျားပေ ၁၄၀ ၊ အနံ ၄၅ ပေရှိကာ၊ ၁၅x၁၉ ပေအကျယ် အခန်းပေါင်း (၆၀) ပါဝင်ပြီး၊ တရားဟောခန်းမနှင့် တရားအားထုတ်ရန်ခန်းမကြီးတို့အပြင် ဘုရားဖူးလူနာများအား စောင့်ရှောက်ပေးရန် ဆရာဝန်အခန်းနှင့် ဆေးပေးခန်းများလည်းပါဝင်မည်ဖြစ်ကြောင့်သိရသည်။
ထိုဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်အား ခေတ်မီဒီဇိုင်းများနှင့် မြန်မာမှုလက်ရာများပေါင်းစပ်ကာ ၄ နှစ်တာကာလအတွင်း ပြီးစီးအောင်ဆောက်လုပ်သွားမည်ဖြစ်ပြီး၊ ယခုအခါ ပထမဆုံးဖြစ်သော ဗောဓိရုက္ခမူလအမည်ရှိ ငါးထပ်ကျောင်းဆောင်တော်ကြီးကို မြန်မာနိုင်ငံမှ အင်ဂျင်နီယာ ဦးသိန်းထူးအေးနှင့် ကျွမ်းကျင်အလုပ်သမား(၉)ဦးတို့က ကြီးကြပ်ကာ နောက်နှစ်ဘုရားဖူးရာသီအတွင်း ဘုရားဖူးဧည့်သည်များ တည်းခိုနိုင်ရန် အနည်းဆုံး (၂ )ထပ်ထိပြီးစီးအောင်ဆောက်လုပ်နေကြောင်းသိရသည်။


No comments: