ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Sunday, June 2, 2013

Verb Transitive and Verb Intransitive

သိသလိုနှင့် မသိကြသော ကံရှိ ကံမဲ့ ကြိယာနှင့် ကတ္တားဝါကျ၊ ကံဝါကျများအကြောင်း
Verb Transitive and Verb Intransitive

ဘယ်ဘာသာစကား၊ စာပေပဲဖြစ်ဖြစ် စကားလုံးတွေ၊ စကားစုတွေ၊ ၀ါကျတွေနှင့် တည်ဆောက်ထားရတာချည်းဖြစ်ပါတယ်။ အဲဒီလို တည်ဆောက်ရာမှာ အဓိပ္ပါယ် အပြည့်အ၀ရှိတဲ့ စကားဝါကျတွေ ဖြစ်လာဖို့အတွက် ပါဝင်ရတဲ့ အစိတ်အပိုင်းတွေက ယေဘုယျအားဖြင့် ရှစ်မျိုးရှိပါတယ်။ အဲဒါကိုပဲ ၀ါစင်္ဂရှစ်ပါး (Eight Parts of Speech) လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတိုင်းဟာ အသက်ရှင်ရေးအတွက် အရေးပါသလိုပဲ၊ ၀ါစင်္ဂ တစ်ခုချင်းစီတိုင်းဟာ ၀ါကျထဲမှာ သူ့နေရာနှင့်သူ အရေးပါကြပါတယ်။ အဲဒါတွေ အားလုံးလောက်ကိုပဲ အစဉ်သဖြင့်၊ ကျယ်ကျယ်ပြန့်ပြန့်၊ တတ်နိုင်သလောက် လေ့လာဆည်းပူး မှတ်သားနေဖို့ အထူးလိုအပ်ပါတယ်။ သဒ္ဒါဆိုတာ ဒါတွေပဲ ဖြစ်လေတော့၊ ဒါတွေကို ခြေခြေမြစ်မြစ်သိမှ သဒ္ဒါသိမယ်၊ သဒ္ဒါသိမှ စာသိမယ်၊ စာတတ်မယ်ပေါ့၊

ဒီနေ့တော့ အဲဒီအစိတ်အပိုင်းတွေထဲက အရေးအပါဆုံးဖြစ်တဲ့ တနည်းပြောရရင် သဒ္ဒါကိုယ်ခန္ဓာကြီးရဲ့ နှလုံးအစိတ်အပိုင်းလို အရေးကြီးတဲ့ “ကြိယာ” ပိုင်းကို ဆွေးနွေးပါ့မယ်။

ကြိယာဆိုတာ ကတ္တားရဲ့ လုပ်ဆောင်ချက်ကို ဖော်ပြတဲ့ အဓိက စကားလုံးပါ။ ဥပမာ “မောင်ဘက ခွေးကို ရိုက်တယ်” ဆိုတဲ့ဝါကျမှာ “ရိုက်တယ်” ဆိုတဲ့ ကြိယာပုဒ်ဟာ ‘မောင်ဘ’ ဆိုတဲ့ ကတ္တားပုဒ်ရဲ့ လုပ်ရပ်ကို ဖော်ပြပါတယ်။ အင်္ဂလိပ်လို ရေးရင်တော့ - Maung Ba beats a dog.
ဒီနေ့ အထူးပြုလေ့လာဖို့က ကံရှိနှင့် ကံမဲ့ကြိယာ (၂) မျိုး၊ အဲဒါနှင့် ဆက်စပ်နေတဲ့ ကတ္တားဝါကျ၊ ကံဝါကျတွေ အကြောင်းတွေပါ။ ပထမ ကံရှိတဲ့ကြိယာနှင့် ကံမဲ့တဲ့ကြိယာတွေ အကြောင်း ပြောပါ့မယ်။
၁) သကမ္မက၊ ကံရှိကြိယာ (Verb Transitive) ဆိုတာက အဲဒီကြိယာအမျိုးအစားကို သုံးပြီး ၀ါကျဖွဲ့မယ်ဆိုရင် အဲဒီကြိယာရဲ့ နောက်က ကပ်ရက်ပဲ ကံပုဒ်လိုက်လို့ရတဲ့ ကြိယာမျိုးပါ။
ဥပမာ - We eat rice every day. ဒီဝါကျထဲမှာ eat ဆိုတဲ့ ကြိယာပုဒ်ရဲ့ နောက်က ကပ်ရက်ပဲ rice ဆိုတဲ့ ကံပုဒ်လိုက်နေပါတယ်။ (သူတို့ နှစ်ပုဒ်ကြားမှာ ၀ိဘတ်ပုဒ် (preposition) လိုက်ပေးစရာ မလိုဘူးဆိုတာ သတိထားပါ)။
၂) အကမ္မက၊ ကံမဲ့ကြိယာ (Verb Intransitive) ဆိုတာကတော့၊ သူ့ကို သုံးစွဲပြီး ၀ါကျဖွဲ့တဲ့အခါမှာ သူ့နောက်က ကပ်ရက် ကံပုဒ်ရဲ့ ရှေးမှာ ၀ိဘတ်ပုဒ် လိုက်ပေးရတယ်။ ဥပမာ- I go to school. ဒီဝါကျထဲမှာတော့ go ဆိုတဲ့ ကြိယာပုဒ်နှင့် School ဆိုတဲ့ ကံပုဒ် ကြားမှာ to ဆိုတဲ့ ၀ိဘတ်ပုဒ်လိုက်ပေးရပါတယ်။ အဲဒီလိုမျိုး ၀ိဘတ်ပုဒ်လိုက်ပေးမှ အလုပ်ဖြစ်တဲ့ ကြိယာအမျိုးအစားတွေကို အထက်ကပြောခဲ့တဲ့ ၀ိဘတ်လိုက်စရာမလိုတဲ့ ကြိယာတွေနှင့် နှိုင်းယှဉ်လေ့လာ သွားရင်၊ နောင်သဘောပေါက်သွားတဲ့အခါ ကြိယာတစ်လုံး သုံးရတော့မယ် ကြုံတိုင်း ကိုယ့်ဟာကိုယ် အလွယ်ကလေးနှင့်ပဲ ကံရှိကြိယ (Verb Transitive) လား၊ ဒါမှမဟုတ် ကံမဲ့ကြိယာ (Verb Intransitive) လားဆိုတာ သေချာခွဲခြားတတ်သွားမှာပါ။

အောက်ပါ ကံရှိ၊ ကံမဲ့ ကြိယာတွေကို နမူနာအဖြစ်ထုတ်ပြီးတော့ သူတို့တွေရဲ့ Present, Past, Past Participle (တနည်း Verb1, Verb2, Verb3) အဘိဓာန်ထဲမှာ ထုတ်ယူပြီးတော့ စွဲမြဲသွားတဲ့အထိ စာရွက်ပေါ်မှာ အထပ်ထပ် အဖန်ဖန် ရေးသားလေ့ကျင့်ဖို့ လိုအပ်ပါတယ်။

အောက်ပါတို့ဟာ သကမ္မက၊ Verb Transitive (Vt) တွေ ဖြစ်ကြပါတယ်။
Give gave given vt ပေးသည်
Like liked liked vt သဘောကျသည်။ နှစ်သက်သည်။
Help helped helped vt ကူညီသည်။
Beat beat beaten vt ရိုက်ပုတ်သည်။
See saw seen vt မြင်သည်။ ကြည့်သည်။

အောက်ပါတို့ကတော့ အကမ္မက၊ ကံမဲ့ ကြိယာ၊ Verb Intransitive (Vi) တွေ ဖြစ်ကြပါတယ်။
Go went gone vi သွားသည်။
Come came come vi လာသည်။
Walk walked walked vi လမ်းလျှောက်သည်။
Speak spoke spoken vi စကားပြောသည်။
Live lived lived vi နေထိုင်သည်။

ကတ္တုပ္ပဓါန၀ါကျ (Active Voice) နှင့် ကမ္မပ္ပဓာန၀ါကျ (Passive Voice)

Active from Latin activus = doing
Passive from Latin passivus = suffering
A verb is said to be in the Active Voice when the action denoted by it, is done by the Subject.
A verb is said to be in the Passive Voice when the action denoted by it, is done to the subject. (R.P. Ghosh – Good English)
အကြောင်းအချက် တစုံတရာ ဖြစ်ပျက်တိုင်း၊ (ဒါမှမဟုတ်) ပြုလုပ်သူတိုင်း အဲဒီဖြစ်ရပ်၊ လုပ်ရပ်တွေကို “ပြုလုပ်တဲ့သူ” နှင့် “အပြုခံရတဲ့သူ” တို့ ပါစမြဲဖြစ်ပါတယ်။ လူတွေဟာ စကားပြောတဲ့အခါ၊ ဒါမှ မဟုတ် စာရေးတဲ့အခါ မိမိဆန္ဒအရ၊ အာရုံကျရောက်မှု အရ မိမိစိတ်ထဲက ဦးစားပေး ဖော်ပြလိုတဲ့ ထိုထိုအခြင်းအရာ၊ အကြောင်းအချက် တစ်ခုခုကို (စိတ်ကဆောင်ပြီးတော့ စီစဉ်လိုက်တဲ့ အလိုအလျောက်ပဲ) ပြောစကား (၀ါကျ) ရဲ့ ရှေး ဆုံးမှာ နေရာပေး ဖော်ပြပြီးတော့ ပြောဆိုရေးသားလေ့ ရှိကြပါတယ်။

အဲသလို ဖော်ပြလေ့ ရှိကြရာမှာ -
ပြုလုပ်တဲ့သူကို ဦးစားပေးလိုတာကြောင့်၊ အဲဒါကို ၀ါကျ ရှေးဆုံးမှာ ထားပြီး ဖော်ပြတယ်ဆိုရင်၊ ဒါဟာ ကတ္တုပ္ပဓါန၀ါကျ (Active Voice) ဖြစ်လာပါတယ်။
ဥပမာ - The police beats a boy.
The police က ရိုက်သူ၊ a boy က ခံရသူ။ ဒီမှာ ရိုက်သူ (ကတ္တားပုဒ်၊ Subject) The Police ကို ဦးစားပေးလိုတာကြောင့် ၀ါကျရဲ့ ရှေးမှာထားပေးတဲ့အတွက် ကတ္တားပဓာန၀ါကျ (သို့) ကတ္တားဝါကျဖြစ်ပါတယ်။
အပြုခံရသူကို ဦးစားပေးလိုတာကြောင့် ၀ါကျရဲ့ ရှေးဆုံးမှာထားပြီးတော့ ဖော်ပြရင်တော့ ကမ္မပ္ပဓာန၀ါကျ (သို့) ကံဝါကျ၊ Passive Voice ဖြစ်လာပါတယ်။
ဥပမာ - A boy is beaten by the police.
လူငယ်တစ်ဦးဟာ ပုလိပ်ရဲ့ ရိုက်နှက်ခြင်းကို ခံရတယ် (သို့) လူငယ်တစ်ဦးကို ပုလိပ်က ရိုက်တယ်။ ဒီမှာတော့ အရိုက်ခံရသူကို ၀ါကျရဲ့ ရှေးဆုံးက ထားပြီး ဦးစားပေး ဖော်ပြခြင်း ဖြစ်တဲ့အတွက် Passive Voice - ကမ္မပ္ပဓာန၀ါကျဖြစ်ပါတယ်။

မှတ်ချက်။ Passive Voice ၀ါကျတွေကို မြန်မာ ဘာသာပြန်တဲ့အခါ - ကြိယာကို- ခံရတယ်လို့ ပြန်ဆိုရပါတယ်။ ဒါမှ မဟုတ် ၀ါကျရှေးဆုံးက ကတ္တားပုဒ်ကို “ကို” နှင့်တွဲလို့ ပြန်ဆိုရပါတယ်။ ဒါကြောင့်လည်း ကမ္မ၀ါကျရဲ့ ကတ္တားပုဒ်ကို “ကိုကတ္တား”၊ ကတ္တုဝါကျရဲ့ ကတ္တားပုဒ်ကို “က ကတ္တား” လို့တောင် သုံးနှုန်း ဖော်ပြကြတာတွေလည်း ရှိပါတယ်။
ဥပမာ - The hunter kills a tiger. မုဆိုးက ကျားတစ်ကောင်ကို သတ်သည်။
(က ကတ္တား)
A tiger is killed by the hunter. ကျားတစ်ကောင်ကို မုဆိုးက သတ်သည်။ (ကို ကတ္တား)

The snake catches a frog. မြွေက ဖားတစ်ကောင်ကို ဖမ်းသည်။ (က က္တား)
A frog is caught by the snake. ဖားတစ်ကောင်ကို မြွေက ဖမ်းသည်။
(ကို ကတ္တား)
ကတ္တုပ္ပဓာန၀ါကမှ ကမ္မပ္ပဓါန၀ါကျသို့ ပြောင်းနည်း
How to change Active Voice to Passive Voice
အဲသလိုမျိုး ကတ္တားကို အဓိကထား ဖော်ပြတဲ့ ကတ္တုပ္ပဓာန၀ါကျ Active Voice (AV) တွေကို ကံကို အဓိကထားဖော်ပြတဲ့ ကမ္မပ္ပဓာန၀ါကျ Passive Voice (PV) တွေဖြစ်လာအောင် ပြောင်းရေးတဲ့နည်းကို ဆက်လက်ဖော်ပြပါမယ်။
၁။ ။ တစ်ခုမှတ်သားခဲ့ဖို့က့ အထက်ကဖော်ပြခဲ့တဲ့ သကမ္မကကြိယာ (vt) တွေကိုသာ ဒီလို ပြောင်းရေးလို့ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ အကမ္မကကြိယာ (vi) တွေနှင့် ဖွဲ့ထားတဲ့ က-ကတ္တားဝါကျ Active Voice (AV) တွေကိုတော့ ကို-ကတ္တားဝါကျ Passive voice (PV) အဖြစ်သို့ ပြောင်းရေးလို့ မရပါဘူး။ ဘာဖြစ်လို့ မရပဲ နေရမှာလဲဆိုတဲ့ ဇွဲနှင့် အဖြစ်သဘောပြောင်းရင်တောင် ဒါဟာ (PV) ဖြစ်မလာပဲ (AV) ပဲ ဖြစ်မြဲ ဖြစ်နေမှာပါ။ ဒီလို ဘာကြောင့်ဖြစ်ရသလဲဆိုရင်တော့ အကမ္မကကြိယာ (vi) အမျိုးအစားတွေရဲ့ Past Participle (သို့) V3 ပုံစံဟာ နာမ၀ိသေသနပုဒ် (adjective) ဖြစ်နေတတ်လို့ပါပဲ။
ဥပမာ - He goes to school. ဆိုတဲ့ vi ကြိယာသာပါရှိတဲ့ AV ၀ါကျကို He is gone to school. လို့ PV ၀ါကျအဖြစ်အတင်းရေးပါတယ်၊ ဖြစ်လာတာကတော့ AV ဟာ AV ပါပဲ။ Go ရဲ့ Past participle ဖောင် gone က ဒီမှာ နာမ၀ိသေသနပုဒ်အဖြစ် နေရာယူသွားပြီးတော့ Verb to be ကြိယာတွေနှင့်တွဲလည်း တွဲလိုက်ရော (Be+Adjective) ကြိယာပဲ ပြန်ဖြစ်ပါတယ်။ (Be+past particple = PV) ဆိုတဲ့ သီဝရီက vi အတွက် လုံးဝ အလုပ်မဖြစ်ဘူး၊ vt တွေအတွက်သာ မှန်ကန်ပါတယ်။

၂၊ ။ နောက်တချက်က အဘိဓာန်တွေထဲမှာ တည်ပိုဒ်တစ်လုံးတည်းက အသုံး အထွေထွေ ဖြစ်နေတဲ့ ကိစ္စပါ။ Verb ဆိုရင်လည်း တစ်လုံးတည်းက vt ရော့ vi ပါ ဖြစ်နေတတ်တယ်။ ဘယ်အဓိပ္ပါယ်က ဘာလဲဆိုတာ ကိုယ်က ခွဲခြား မှတ်သား တတ်ရမယ်။ အဲသလိုသာ vt/vi နှစ်ဖက်ရ ကြိယာတွေကို ကိုယ်က ဘယ်အဓိပ္ပါယ်တွေဟာ vt ဖြစ်ပြီးတော့၊ ဘယ်အဓိပ္ပါယ်ကတော့ဖြင့် vi သဘောရှိတယ်ဆိုတာ ခွဲခြားမှတ်သားပြီး၊ vt အဓိပ္ပါယ်သုံးပြီး ရေး၊ ပြောတဲ AV (Active Voice) ၀ါကျမျိုးကိုမှ PV (Passive Voice) သို့ ပြောင်းနိုင်မှာ ဖြစ်ပါတယ်။
ဥပမာ - drop dropped dropped vt/vi
တက်တိုးအဘိဓာန်ထဲမှာ အဲဒါကို အခုလို ခွဲခြားဖော်ပြထားပါတယ်။ (vt) ချသည်၊ နှိမ့်သည်။ (vi) ကျသည်။
Maung Ba drops a pen on the floor. (AV)
A pen is dropped by Maung Ba on the floor. (PV)
အဲဒီလို vt အနေနှင့် သုံးနှုန်းထားတဲ့ (AV) ၀ါကျကို (PV) ၀ါကျသို့ ပြောင်းရေးလို့ ဖြစ်ပါတယ်။
ဒါပေမဲ့ vi အနေနှင့် သုံးတဲ့အခါကျတော့ ဘယ်လိုနည်းနှင့်မှ (PV) ၀ါကျအဖြစ် ပြောင်းရေးလို့ မရပါဘူး။ အတင်းရေးရင်လည်း (AV) ဟာ (AV) ပါပဲ။
ဥပမာ - A pen drops on the floor. (AV)
A pen is dropped on the floor. (AV)
Adjective နှင့် ရေးထားတဲ့ (AV) တွေနှင့် အလားတူပါပဲ။ (သဘောက vi ရဲ့ Participle ဆိုတာ Adjective ပဲ ဖြစ်တယ်ဆိုတာပါ၊ ရှေးမှာ ပြန်ဖတ်ကြည့်ပါဦး)။

Vt ကြိယာဖြင့် ၀ါကျ စုစုပေါင်း ၈၄ ၀ါကျ တည်ဆောက်နိုင်ပါတယ်။ အဲဒီ ၈၄ ၀ါကျကိုတော့ အယင်တင်ထားသော post မှာ လေ့လာ မှတ်သားနိုင်ပါတယ်။

No comments: