ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Saturday, August 17, 2013

ဗုဒ္ဓဂယာမြေမြတ်မဟာ

ဗုဒ္ဓဂယာမြေမြတ်မဟာ
မြေမြတ်မဟာ။                                                                        
ဗုဒ္ဓဂယာကား ဗုဒ္ဓဘာသာဝင်တို့အတွက် အထူး မွန်မြတ် အရေးပါသော နေရာတော်ဖြစ်သည်။ ဘုရားရှင် သဗ္ဗညုတ ရွှေဥာဏ်တော်ရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိသော ဒဿနိယ သံဝေဇနိယ နေရာတော်ဖြစ်သည်။ ဗုဒ္ဓခေတ်မတိုင်မီက ဤဒေသ တ၀ိုက်ကို ဥရုဝေဠဟုခေါ်တွင်ခဲ့ပြီး ဗုဒ္ဓခေတ်တွင် ဗောဓိမဏ္ဍလ-သမ္ဗောဓိ-ဗောဓိရုက္ခမူလ စသည်ဖြင့် ခေါ်တွင်ခဲ့သည်။ ၁၃-ရာစုတွင် ဒေသခံများက ဗြဟ္မဂယာခေါ် ဂယာမြို့ (ဗိဿနိုးနတ်ကွန်း) နှင့် ကွဲပြားစေရန် ဗုဒ္ဓဂယာဟု ခေါ်တွင်ခဲ့ကြသည်။

ဗောဓိပင်။
          ဘုရားရှင်လက်ထက်က ဗောဓိပင်မှာ ပေ ၁၀၀ မကမြင့်မားပြီး ဟူယင်ဆင် (တရုတ်ရဟန်းတော်) ရောက်ခဲ့စဉ်က ပေ-၅၀ ခန့်မြင့်သည်ဟု ဆိုသည်။ ဘုရား အဖြစ်သို့ ရောက်ရာ အပင်ဖြစ်၍ သမ္ဗောဓိပင် ဟုလည်းခေါ်သည်။ မိစ္ဆာအယူ ရှိခဲ့စဉ်က အသောကမင်းကြီးနှင့် ၄င်း၏ မိဘုရားတို့က တစ်ကြိမ်စီ ခုတ်လှဲခဲ့ကြ သည်။ ၄င်း၏ အဓိဋ္ဌာန်ဖြင့် ၂ ကြိမ်လုံးပြန်ပေါက်လာသဖြင့် နောက်ဆုံးတွင် ရန်သူများ မဖျက်ဆီးနိုင်ရန် ၁၀ ပေခန့် မြင့်သော အုပ်တံတိုင်း ကာရံခဲ့သည်။

           ထို့နောက် ဘင်္ဂေါနယ်မှ ဟိန္ဒူဘုရင် သသင်္က ခုတ်လှဲပြီး အေဒီ ၆၁၀ ခန့်
တွင် မာဂဓတိုင်း မောရိယမင်းဆက်တစ်ပါး ဖြစ်သည့် ပုဏ္ဏဝမ္မာက ထက်မံ စိုက်
ပျိုးခဲ့သည်။ ၁၈၆၇ ခုတွင် လေဒါဏ်ကြောင်း အပင်အိုကြီး လုံးဝပြိုလဲ သွားခဲ့သဖြင့်
ယခင် အပင်ကြီးနေရာတွင်ပင် အင်္ဂလိပ်ကျောက်စာဝန် ကင်နန်ဟန်
(Cunninghan)  က စိုက်ပျိုးခဲ့သည်။ ယခုတွေ့ရသောအပင် ပင်ဖြစ်သည်။

ပလ္လင်တော် ။
          (စိန်)ရတနာအတိ ပြီးသဖြင့် ဝဇီရာသနာဟုခေါ်သည်။ ကိလေသာ မာရ်ရန်
အန္တရာယ်အားလုံးတို့ကို အောင်မြင်တော်မှုရာဖြစ်၍ အပရာဇိတ ဟုလည်းခေါ်၏။
ဗောဓိပင်ကို ဝိုင်းရန်ထားသော တံတိုင်းအတွင်းရှိသည်။ ယင်းသည် ယခုအခါ မြေ
လွှမ်း၍ ကွယ်ပျောက်ခဲ့ပြီးဖြစ်သည်။ ဟူယင်ဆင် ရောက်စဉ်က ယင်း၏နေရာထက်
တွင် ကျောက်ပလ္လင်တစ်ခုရှိခဲ့ပြီး ၄င်းသည် ယခုအခါ ဝါဂီဆွရီဒေဝီ နတ်သမီးနတ်
ကွန်း (မဟန့်နန်း) ထဲတွင် ရှိသည်ဟု ရာဂျင်ဒြာလာလ်မိတြက ရေးခဲ့သည်။
(လာလ်မိတြ၏ ရေးသားချက် မှန်ကန်ခဲ့လျှင် ဗောဓိပင်အောက် ယခုဖူးမြင်ကြ    
ရသော ပလ္လင်တော်မှာ ကျောက်စာဝန် ကင်နန်ဂဟန် လက်ထက်လောက်ကမှ
ပြုလုပ်ခဲ့ကြခြင်း  ဖြစ်ဖွယ်ရှိလေသည်။)
         
မဟာဗောဓိစေတီတော်။
          ဗုဒ္ဓဘာသာ ဘုရားဖူးများအတွက် ကမ္ဘာ့အသပ္ပါယ်ဆုံးနှင့် အမြင့်မြတ်ဆုံး စေတီတော်ဖြစ်သည်။ ဤစေတီတော်ကြီးကို အသောကမင်းကြီး ဆောက်လုပ်ခဲ့ပြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသော ဗြဟ္မဏတစ်ဦးက အေဒီ ၆ ရာစုတွင် ထပ်မံ တိုးချဲ့ဆောက်လုပ်ခဲ့သည်။
          အေဒီ ၉၄၈ တွင် အမရဒေဝဆရာက ဆောက်လုပ်ခဲ့ကြောင်း မဟန့်ကျောက်စာ၌ဖော်ပြသည်။ မဟာမေဒင်(မူဆလင်) များ သိမ်းပိုက်သည့် ၁၂ ရာစုအထိ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာနှင့် အိန္ဒိယ ဗုဒ္ဓဘာသာများက ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည်။ အေဒီ ၃၃၀ တွင် သီဟိုဠ်ဘုရင် မေဃဝဏ္ဏက ဘုရားဝင်း၏ အနာက်တောင်ထောင့် ယခုလက်ရှိ သီဟိုဠ်ကျောင်း နေရာ လောက်တွင် သံဃာရာမ (ဘုန်းကြီးကျောင်းတစ်ဆောင်) ဆောက်လုပ်ခဲ့သည်။
          မြန်မာနိုင်ငံမှ အေဒီ ၁၀၇၉ ခုနှစ်တွင် တစ်ကြိမ်၊ ၁၂၉၈ ခုနှစ်တွင် တစ်ကြိမ်၊ ရခိုင်မှ မင်းလက်ျာက အေဒီ ၁၁၀၇ ခန့်တွင် တစ်ကြိမ်ပြုပြင်မွမ်းမံခဲ့ ကြောင်း မှတ်တမ်းရှိသည်။
          အေဒီ ၁၀၀၀ နှင့် ၁၂၀၀ ကြားတွင် ဓမ္မရက္ခိတမည်သော ရဟန်းတော် တစ်ပါးက မဟာဗောဓိကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ အေဒီ ၁၃ ရာစု (၁၂၉၈ -ခန့်) တွင် မဂဓတိုင်းကို မူဆလင်များက သိမ်းပိုက်သဖြင့် အိန္ဒိယ၌ ဗုဒ္ဓသာသနာ ကွယ်ပခဲ့သည်။ ဗုဒ္ဓဂယာပရိဝုဏ် တစ်ခုလုံး အဖျက်အဆီးခံရပြီး တော်ရုံနှင့် မဖျက်နိုင်ခဲ့ကြသော စေတီတော်တစ်ခုသာ ကျန်ရစ်သည်။ ၁၆ ရာစုတွင် ဒေလီရှိ ပသီဘုရင်က ဤဒေသ၌ နေထိုင်လျှက်ရှိသော မဟန့်လာလ်ဂီးရ်အား မဟာဗောဓိ စေတီတော်နှင့် ဗုဒ္ဓဂယာရွာတို့ကို ပိုင်ဆိုင်အုပ်ချုပ်ခွင့်ပေးခဲ့သည်။
          ၁၈၁၁ အေဒီတွင် မြန်မာပြည်မှ ဘိုးတော်ဘုရားက သတ္တဌာနရှာဖွေရေး အဖွဲ့တစ်ဖွဲ့ စေလွတ်ခဲ့သည်။ ဗိသုကာ ဒေါက်တာ ဘူခ်ျနန်မိလ်တန်က ပျက်ပြိုနေသော ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်ကြီးကို တွေ့ရှိကြောင်း ၁၈၃၂-တွင် မှတ်တမ်းတင်ခဲ့သည်။ ၁၈၃၃-တွင် မြန်မာနိုင်ငံမှ မင်းကြီးမဟာစည်သူနှင့်အဖွဲ့ ဘုရားဖူးရောက်လာခဲ့ပြီး ရခိုင်ဘုရင် (မင်းလက်ျာ) ၏ ကျောက်စာကို တွေ့ရှိခဲ့ကြ သည်။ မဟာဗောဓိစေတီတော်ပြင်ဆင်ခွင့်နှင့် နှစ်စဉ် ဘုရားဖူးအဖွဲ့များ လာရောက်ခွင့်ရရှိရေး အတွက် ၁၈၇၄-တွင် မင်းတုန်းမင်းမှ အိန္ဒိယဘုရင်ခံထံသို့ စာချွှန်တော်ပို့ခဲ့သည်။ ရွှေငွေများနှင့်အတူ စိန်၊ မြ၊ ကျောက်နီ၊ ပုလဲ စုစုပေါင်း လုံးရေ ၅၄၁၁- (ထိုစဉ်က ရူပီးငွေ ၆-သန်းဘိုးမျှ) ကိုလည်း လှူဒါန်းခဲ့ရာ အားလုံးနီးပါးကို မဟန့်အဆက်ဆက်က သုံးဖြုန်းပြီး ကြီးပွါးနေခဲ့ကြသည်။
          ၁၈၇၅-တွင် မြန်မာနိုင်ငံခြားရေးဌာနမှ မဟာဗောဓိစေတီတော် ပြင်ဆင်ခွင့် နှင့် ကျောင်းဆောက်လုပ်ခွင့်တို့ပါဝင်သော အချက် ၈-ချက်ကို တောင်းဆိုပြီး၊ သိန်းပေါင်းများစွာ အကုန်အကျခံ၍ ပြုပြင်ခဲ့သည်။ သို့ရာတွင် အကြောင်းအမျိုးမျိုး တို့ကြောင့် အပြီးမသက်နိုင်ခဲ့ပေ။ ၁၈၈၀ ပြည့်နှစ်တွင် အလက်စန္ဒား ကင်နင်ဂဟမ်နှင့် ပုံစံပေးအရာရှိ ဂျိုးဆက်ဖ် ဒေရီဒိခ်ျ-ဗက်ဂလာ (Joseph Dariditch-Beglar) တို့ကို အိန္ဒိယအစိုးရက ပြင်ဆင်စေကြောင်း စေတီတော် အ၀င်ဝ၌ ကျောက်စာရေးထိုးခဲ့သည်။ ယခုဖူးတွေ့ရသော မဟာဗောဓိ (တန်ဆောင်း) တော်၏ ပုံတော်သွင်ဟန်မှာ မင်းတုန်းမင်းကြီးနှင့် ထိုစဉ်က အိန္ဒိယ ဗြိတိသျှ ကျောက်စာဝန်တို့၏ လက်ရာအတိုင်းပင်ဖြစ်သည်။
          ၁၈၈၉- ဇူလိုင်လတွင် ဂယာဆိုင်ရာ တရားသူကြီး မစ္စတာ မက်ဒေါ့ကို ဗုဒ္ဓဂယာ ဂေါပကအဖြစ် တာဝန်လွှဲအပ်သည်။ The Light of Asia ရေးသားသူ ဆာအက်ွင်အာနိုး (SIR EDWIN ARNOLD) က ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာတို့ လက်သို့ အရောက်လွှဲအပ်သင့်ကြောင်း ပထမဆုံးလှုံ့ဆော်ကြိုးပမ်းခဲ့သည်။ ၁၈၉၁-တွင် သီဟိုဠ်သား အနာဂါရိက ဓမ္မပါလဘုရားဖူး ရောက်လာသည်။ ထိုနှစ်တွင် မဟာဗောဓိအသင်းကို သီဟိုဠ်၌ စတင်ဖွဲ့စည်းပြီး ဂျူလိုင်လတွင် ဗုဒ္ဓဂယာသို့ ပြန်လာကာ ဗုဒ္ဓဂယာအရေးများကို အင်တိုက်အားတိုက် ဆောင်ရွက် သည်။ ထိုစဉ်က ဗုဒ္ဓဂယာသည် ဘာသာခြားတို့၏ လက်ထဲမှာပင်ရှိနေပြီး ၄င်းတို့ စိတ်ကြိုက်ချယ်လှယ်ခွင့် ရနေခဲ့ကြသည်။
          ၁၈၉၅-တွင် ဓမ္မပါလနှင့်အဖွဲ့ ဂျပန်မှ လှူဒါန်းလိုက်သော ရုပ်ပွါးတော်ကို စေတီတော်အပေါ်ထပ်တွင် ပူဇော်နေရာချထားစဉ် မဟန့်၏ လူများရောက်လာပြီး အကြမ်းဖက်ဆွဲထုတ်ခံရသည်။ ဤအတွက် နှစ်ပေါင်းအတန်ကြာ တရားဖြစ်ခဲ့ကြရပြီး အောက်ရုံးတွင် ဓမ္မပါလက နိုင်သော်လည်း ကာလကတ္တား ဟိုက်ကုတ်တွင် မဟန့်၏ အယူခံချက်က နိုင်သွားသည်။ ၁၉၀၆-တွင် ဓမ္မပါလ မင်းတုန်းမင်း ဇရပ်တော်မှ နှင်ထုတ်ခံရသည်။ သို့တိုင် ဓမ္မပါလ၏ မလျှော့သောဇွဲကြောင့် ၁၉၅၃-ခုနှစ်ရောက်မှ အိန္ဒိယ လွှတ်တော်တွင် ဥပဒေပြဋ္ဌာန်းလျက် ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်ကို မဟန့်လက်ထဲက သိမ်းယူပြီးလျှင် ဗုဒ္ဓဘာသာ ၄-ဦး၊ ဟိန္ဒူ ၄-ဦး ပါဝင်သည့် ကော်မတီ (Mahabodhi Temple Management Committee) လက်ထဲအပ်နှံလိုက်လေသည်။ ၄င်း (၈) ဦးကော်မီတီအပြင် ဂယာခရိုင်အုပ်ချုပ်ရေးမှူး (DM- District Magistrate) သည် အမြဲတမ်း ဥက္ကဌဖြစ်သည်။ ထို့ကြောင်း ၄င်းကော်မီိတီသည် ဟိန္ဒူ (၅) ဦး၊ ဗုဒ္ဓဘာသာ (၄) ဦး ကော်မီတီသာ ဖြစ်သည်။ အကယ်၍ ဂယာခရိုင်အုပ်ချုပ်ရေးမှူးသည် ဗုဒ္ဓဘာသာဖြစ်နေခဲ့သော် ဗုဒ္ဓဘာသာ (၅) ဦး၊ ဟိန္ဒူ (၄) ဦး ဖြစ်ဖွယ်ရှိသည်။ သို့ရာတွင် အဆိုပါ ဥပဒေအရ ဂယာအုပ်ချုပ်ရေးမှူးသည် ဗုဒ္ဓဘာသာဖြစ်နေခဲ့သော် ပြည်နယ်အစိုးရမှ တခြားသင့်တော်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအား အဆိုပါ ကော်မီတီ၏ ဥက္ကဌအဖြစ် ခန့်အပ်ပိုင်ခွင့်ရှိသည်ဟု ဖြစ်သည်။ ထို့ကြောင်း ဗုဒ္ဓဘာသာဝင်တို့ ကမ္ဘာမှာ အလေးအမြတ်အထားဆုံး ဗုဒ္ဓဂယာစေတီတော်မြတ်သည်ကား ဟိန္ဒူအများစု ကော်မီတီဖြင့် အုပ်ချုပ်ခံနေရဆဲဖြစ်သည်။ 

ဆက်လက်ဖော်ပြပါမည်။

မေတ္တာဖြင့်-
ဆရာတော်


1 comment:

Unknown said...

We are urgently in need of kidney donors in Kokilaben Hospital India for the sum of $500,000,00,( 3 CRORE INDIA RUPEES) All donors are to reply via Email only: hospitalcarecenter@gmail.com or Email: kokilabendhirubhaihospital@gmail.com
WhatsApp +91 7795833215