ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Thursday, May 23, 2013

ဒေါ်ချန်ကင်လင်း ကျောက်ကပ်အစားထိုးကုသမှု အတွေ့အကြုံ









မသီတာစိုးအောင် 
ယခုလက်ရှိကျွန်မတို့၏ မေမေအကြောင်းပြောပါရစေ။ အခုကျွန်မတို့ မေမေဟာ ဆိုရင် သူများနည်းတူ သူ့ဘာသာသူစားနိုင်၊ သွားနိုင်၊ လာနိုင်ပြီး သူ့ယျောဝစ္စတွေကို သူ့ဘာသာသူ လုပ်နိုင်သူ(၁)ယောက်ဖြစ်နေပါပြီ။ အဲဒါဘာကြောင့်လဲဆိုတော့ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၊ အပိုလိုဆေးရုံကြီးမှာ ကျောက်ကပ်အစားထိုး ကုသလိုက်တဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ်ရှင့်။ ပြောရမယ်ဆိုရင် ယုံစရာတောင်မရှိဘူးရှင့်၊
ကျွန်မတို့မေမေဟာဆိုရင် ကျောက်ကပ် ဝေဒနာ ကို လွန်ခဲ့တဲ့ (၂)နှစ်ကျော်လောက်ကတည်းက ခံစားခဲ့ရတာပါ၊ ဒါပေမဲ့ သိပ်မပြင်းထန်တော့ ဆေးနဲ့ပဲထိန်းခဲ့ပါတယ်၊ နောက်ပိုင်းကျတော့ မေမေဟာ အစားအစာကို စားချင်စိတ်မရှိဘူး၊ မစားနိုင်ဘူးဖြစ်လာပါတယ်၊ နောက်အန်လာပါတယ်၊ အန်ရင်လဲ အစိမ်းရောင် အရည်တွေ အန်ပြီးသတိလစ်လုဖြစ်ဖြစ်သွားပါတယ်၊ ၅-၁၀-၂၀၀၈ မှာတော့ မေမေကို ရွှေဂုံတိုင် အထူးကု ဆေးရုံကို အရေးပေါ်တင်လိုက်ရပါတယ်။ အဲဒီအချိန်ကျမှ ကျွန်မတို့ မေမေရဲ့ ကျောက်ကပ်ဟာ လုံးဝပျက်စီးနေပြီဆိုတာသိလိုက်ရပါတယ်။ အဲဒီနေ့ ညဖက်မှာပဲအရေးပေါ် လည်ပင်းကနေ ခွဲစိတ်၊ ပိုက်ထည့်ပြီး ကျောက်ကပ်ကို သွေးသန့်စင် ခဲ့ရပါတယ်။ ကျွန်မတို့မှာ မေမေကို တခါတည်း ဆုံးရှုံးလိုက်ရပြီ အောင့်မေ့လို့ ငိုလိုက်ရတာ၊ ဆရာဝန်ကတော့ ကျောက်ကပ်ကို အဲဒီလိုပဲ သွေးသန့်စင်ပေး (သို့) ဆေးပေးမယ်ဆိုရင် လူ့သက်တမ်းစေ့နေနိုင်ပါတယ်လို့ အားပေးစကားပြောပါတယ်၊ ဒါပေမဲ့ မေမေရဲ့ ဝေဒနာကို ကြည့်ပြီး ကျွန်မတို့မှာအလွန်ပဲ စိတ်ဆင်းရဲခဲ့ရပါတယ်။ ကျောက်ကပ်ဆေးတဲ့ဒဏ်ကို ခံရတဲ့ကျောက်ကပ်ဝေဒနာရှင်တွေရဲ့ ဘဝဟာ အလွန်သနားစရာ ကောင်းပါတယ်၊ မေမေအပါအဝင်ကျောက်ကပ်ဝေဒနာရှင်တွေ အားလုံးဟာ (၄)နာရီ (၅) နာရီလုံးလုံး ကုတင်ပေါ်မှာမလှုပ်မယှက်လဲလျောင်းပြီး ကျောက်ကပ်ဆေးရပါတယ်၊ ကျွန်မတို့ မေမေဟာဆိုရင် ကျောက်ကပ်ဆေးတာကို တပတ်(၃) ကြိမ်ဆေးရပါတယ်၊ ဆေးရုံတက် နေတဲ့ (၁၂) ရက်တာကာလဟာ အလွန်ကြာရှည်တယ့်လို့  ထင်မိပါတယ်၊ (၁၂) ရက်အတွင်း မေမေဟာကျောက်ကပ်သွေးသန့် စင်(ကျောက်ကပ်ဆေး) တာ (၇) ကြိမ်လောက်ဆေးခဲ့ရပါ တယ်၊ အဲဒီအချိန်မှာတော့ ကျွန်မတို့ မေမေဟာ အိပ်ရာပေါ်ကနေ ထလည်းမထနိုင်တော့ဘူး၊ လမ်းလည်းမလျှောက်နိုင်တော့ဘူး၊ ထမင်းတောင်မှ မနဲခွံကျွေး၊ ချော့ကျွေးနေရပါတယ်၊ ဒါပေမဲ့ အဲဒီ(၇)ကြိမ်လောက် ကျောက်ကပ်ဆေးပြီးတဲ့အခါမှာတော့ မေမေဟာနဲနဲထူထူ ထောင်ထောင်တောင် ဖြစ်လာပြီး ဆေးရုံကဆင်းခဲ့ပါတယ်၊ နောက်ပိုင်းဆေးရုံကဆင်းပြီးတော့ တပတ်ကို(၃)ကြိမ်အိမ်ကနေ ဆေးရုံကိုကျောက်ကပ်သွားသွားဆေးရပါတယ်၊ ကျွန်မတို့ဟာ (၆) ထပ်တိုက်ရဲ့ ပထမထပ်မှာ နေပါတယ်၊ မေမေဟာ လမ်းမလျှောက်နိုင်တဲ့အတွက် ချီပြီးချရပါတယ်၊ ချီပြီးတင်ရပါတယ်ရှင့်၊ အဲဒီလောက်ထိ အခြေအနေဆိုးဝါးခဲ့ပါတယ်။ မေမေကွယ်ရာမှာ ကျွန်မတို့ မိသားစုတွေ ဘာလုပ်ရင်ကောင်းမလဲလို့ ဆွေးနွေးတိုင်ပင် ခဲ့ကြပါတယ်၊ မေမေခံစားနေရတဲ့ဝေဒနာကိုမကြည့်ရက်တော့ပါဘူးရှင့်၊ အဲဒီအချိန်မှာ မေမေ မိတ်ဆွေတစ်ယောက်က အကြံဥာဏ်ပေးလာပါတယ်၊ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ ၊ အပိုလိုဆေးရုံ (Apollo Glenealges Hospitals) မှာ ကျောက်ကပ်အစားထိုးကုသပေးတာ တော်တော် အောင်မြင်တယ်ဆိုတာကိုလာပြောတာပါပဲ၊ သိပ်ကျေးဇူးတင်စရာကောင်းပါတယ် ရှင့်၊ ကျွန်မတို့ မိသားစုတွေဆွေးနွေးတိုင်ပင်ပြီး မောင်လေးကသူ့ ရဲ့ ကျောက်ကပ်တစ်လုံးကို မေမေအတွက် သူပေးမယ်လို့ ပြောပါတယ်။ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့  အပိုလိုဆေးရုံအကြောင်းစုံစမ်းတဲ့ အခါမှာတော့ ဆရာတော် ဒေါက်တာ နန္ဒောဘာသဟာ မပါမဖြစ်တဲ့ အဓိကပုဂ္ဂိုလ်(၁)ဦးဖြစ်ပါတယ်ရှင့်၊ ပထမဆုံး အိန္ဒိယ မှာရှိတဲ့ ဆရာတော်ကို ဆက်သွယ်ပြီး မေမေရဲ့ ရောဂါဝေဒနာကို ပြောပြပါတယ်၊ အဲဒီအခါမှာ ဆရာတော်က အပိုလိုဆေးရုံကြီးမှာ သွားပြီးစုံစမ်းမေးမြန်းပါတယ်ရှင့်၊ အပိုလိုဆေးရုံက ကျောက်ကပ်ဆရာဝန်ကြီးက မေမေရဲ့  ကျောက်ကပ်ဟာ အစားထိုးကုသရင်ရနိုင်ကြောင်း ဆရာတော်က တဆင့် အကြောင်းပြန်ကြား ပေးပါတယ်၊ အဲဒီအခါမှာတော့ ကျွန်မတို့ မိသားစုတွေ အိန္ဒိယနိုင်ငံကိုသွားဖို့  ပြင်ဆင်ကြပါတယ်။ ကျွန်မတို့ မိသားစုတွေ အိန္ဒိယနိုင်ငံကို ၁၆-၁-၂၀၀၉ ရက်နေ့ မှာထွက်လာခဲ့ပါတယ်၊ ကျွန်မတို့ မိသားစုမှာ မေမေရယ်၊ မောင်လေးရယ်၊ ကျွန်မရယ်၊ အစ်မဝမ်းကွဲတစ်ယောက်ရယ်ပါ။ အဲဒီအချိန်မှာ မေမေဟာလမ်းမလျှောက်နိုင်လို့ ဝှီးချဲ (Wheel Chair) နဲ့ တင်ပြီးခေါ်ဆောင်ခဲ့ ရပါတယ်၊ ဆရာတော်က အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့  လေဆိပ်မှာ ကျွန်မတို့ မိသားစုကို လာကြိုပါတယ်၊ ကျွန်မတို့မှာသူများနိုင်ငံ မဟုတ်လား၊ လာမကြိုရင် ဆိုပြီး တွေးပြီး ကြောက်နေမိပါတယ်၊ ဆရာတော်က ဗမာပြည်က ကျောက်ကပ်ဝေဒနာရှင် မဟုတ်လားဆိုပြီး လာမေးတော့မှ သက်ပြင်းချနိုင်ပါတယ်ရှင့်၊ ကျွန်မတို့ ဆရာတော်ကို မြင်မြင်ချင်း ယုံကြည်အားကိုးမိပါတယ်၊ ဆရာတော်က သူရဲ့ ကားနဲ့  ကျွန်မတို့ မိသားစုကို သူ့ရဲ့ ဗောဓိသုခကျောင်းရှိရာကို ခေါ်သွားပါတယ်၊ ကျောင်းရောက်တဲ့အခါမှာတော့ အသင့်ပြင်ဆင် ထားတဲ့ ထမင်းပွဲနဲ့ ဧည့်ခံခဲ့ပါတယ်၊ ကျောင်းမှာရောက်နေတဲ့ ဝေဒနာရှင် တော်တော်များများ ကလဲ အကူအညီတွေပေးကြပါတယ်၊ ပစ္စည်းတွေဝိုင်းချ၊ ဝိုင်းသယ်၊ နေရာထိုင်ခင်းစီစဉ်ပေးနဲ့ တော်တော်ကို ဧည့်ဝတ်ကျေပွန်ကြပါတယ်၊ ပထမတော့ ကျွန်မတို့ အားငယ်လိုက်တာ မပြောပါနဲ့တော့။ ဒီလိုကူညီပေးတဲ့သူတွေနဲ့တွေ့တော့ တော်တော်ကို အားတက်ပြီးစိတ်ချမ်း သာမိပါတယ်။ ဆရာတော်က ကျွန်မတို့ မိန်းမသား(၃)ယောက်(၁)ခန်း၊ ကျွန်မမောင်လေး ဦးဇင်းက(၁)ခန်း နေဖို့ စီစဉ်ပေးပါတယ်။ နောက်နေ့ မနက်စောစောမှာ မေမေကို ဆရာတော်က ဆေးရုံမှာလိုက်ပြပေးပါတယ်။ ကျောက်ကပ်ဆရာဝန်နဲ့ လည်းပြပေးပြီ လိုအပ်တာမှန်သမျှကို ဆရာတော်က စီစဉ်ပေးပါ တယ်။ မေမေဟာ ရောက်ပြီးနောက်နေ့ကစပြီး ကျောက်ကပ်စတင် ဆေးရပါတယ်။ တပတ်ကို(၃)ကြိမ်ဆေးရပါတယ် အဲဒီအခါမှာလည်းဆရာတော်ရဲ့ စီစဉ်မှုနဲ့ ကျောင်းက ဦးဇင်းတွေ လိုက်ပြီး ကူညီစောင့်ရှောက်ပေးပါတယ်။ တခါတလေ ကျောက်ကပ်ကို ညဘက်ဆေးရတယ်။ တခါတလေ နေ့ လည်၊ တခါတလေ မနက်၊ ကျောက်ကပ်ဆေးတဲ့ အချိန်တွေကတော့ အမျိုးမျိုးပါပဲ။ ဒါပေမဲ့ ဘာမှမစိုးရိမ်ရပါဘူး၊ ဦးဇင်းတွေက လိုက်လာပြီး စောင့်ရှောက်ပေးပါတယ်၊ ကျေးဇူးတင်စရာကောင်းပါတယ်ရှင့်။ ဒီလိုနဲ့ ဆေးရုံသွားပြီးဆေးစစ်လိုက်၊ ကျောက်ကပ်ဆေးလိုက်နဲ့ ဆရာဝန်က ကျောက်ကပ် အစားထိုး ခွဲစိတ်ဖို့ ရက်သတ်မှတ်ပေးလိုက်ပါတယ်။ ရက်သိတဲ့အခါမှာ ဆရာတော်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို သွားပြီး ဆေးကုသခွင့်တင်ပေးပါတယ်။ မြန်မာသံရုံးက ကောင်စစ်ဝန်ကလည်း ကြည်ကြည်သာသာပဲ ဆေးကုသခွင့်ကို လက်မှတ်ရေးထိုးပေးပါတယ် ရှင့်၊ အဲဒီလိုနဲ့  ကျွန်မတို့ မေမေကို ခွဲစိတ်မဲ့ရက်ကနီးလာပါတယ်၊ ခွဲစိတ်ရက်က ၂၅-၂-၂၀၀၉ နေ့ ပါ၊ ခွဲစိတ်မယ့်ရက်မတိုင်ခင် (၃)ရက်ကြိုပြီးဆေးရုံ တက်ရပါတယ်၊ ဆေးရုံမှာတော့ ကျွန်မတို့ မိသားစု (၃)ယောက်တစ်ခန်းတည်း နေလို့ ရအောင် ဆရာတော်က ကြိုတင်စီစဉ် ပေးပါတယ်။ ၂၃-၂-၂၀၀၉ နေ့မှာ ဆေးရုံတက်ရပါတယ်။ လိုအပ်တာမှန်သမျှကို ဆရာတော်က အဆင်ပြေအောင်စီစဉ်ပေးပါတယ်။ ကျွန်မမှာ မခွဲခင်အဲဒီ(၃)ရက်မှာ ဘယ်လိုမှ အိပ်လို့ မရပါဘူးရှင့်၊ ဆရာတော်က စိတ်အေးအေးထား၊ ဘုရားကိုအာရုံပြု၊ အစစအရာရာအဆင်ပြေ လိမ့်မယ်လို့ အားးပေးနှစ်သိမ့်ပေးပါတယ်။ မေမေ့ရှေ့မှာတော့ ဘာမှမဖြစ်သလို စိတ်ရွှင်ရွှင် ပျပျထားပြီး ကွယ်ရာမှာတော့ စိုးရိမ်ပြီးငိုခဲ့ရပါတယ်။ မေမေ ခွဲစိတ်မယ့် နေ့ မနက်အစောကြီးမှာတော့ ကျောင်းမှာရှိတဲ့သံဃာတွေ အားလုံ ဝတ်တက် ဘုရားရှိခိုးတဲ့အချိန်မှာ မေ့မေ့အတွက်ပါ ဆုတောင်းမေတ္တာပို့ ပေးခဲ့ကြပါတယ်။ ဆရာတော်လည်း အစောကြီးဆေးရုံကိုရောက်လာပြီး မေမေ့ကို ဘာမှအားမငယ်ဖို့ ၊ မောင်လေးကိုလည်း အားမငယ်ဖို့ ၊ ခွဲစိတ်တာမကြောက်ဖို့ ၊ စိုးရိမ်စိတ်မထားဖို့ ၊ ဘုရား၊ တရား၊ သံဃာတွေကို အာရုံပြုဖို့ ၊ သူကိုယ်တိုင်းလည်း ခွဲစိတ်လို့ မပြီးမချင်းအပြင်မှာ စောင့်နေမယ်ဆိုတဲ့ အကြောင်းအားပေးစကားပြောပါတယ်။ မနက်(၈)နာရီထဲကနေ ခွဲခန်းထဲဝင်သွားတဲ့မေမေနဲ့ မောင်လေးဟာ ညနေ (၃)နာရီလောက်မှ ခွဲခန်းထဲက ပြန်ထွက်လာပါတယ်၊ အဲဒီအချိန်ဟာဆိုရင် ကျွန်မရဲ့  စိတ်ထဲမှာ တကမ္ဘာလောက်ကြာတယ်အောင့် မေ့မိပါတယ်၊ ဒါပေမဲ့ ခွဲစိတ်ဆရာဝန်ကြီးတွေက ခွဲစိတ်မှု အောင်မြင်ကြောင်း ဆရာတော်ဆီကို ဖုန်းဆက်ပြီးအကြောင်းကြားပေးပါတယ်၊ ဆရာတော်က တဆင့် ကျွန်မသိတဲ့အခါမှာတော့ အရမ်းဝမ်းသာပျော်ရွှင်မိပါတယ်။ မောင်လေးကို အရင် ခွဲခန်းထဲကထုတ်လာပြီး(၄)လွှာမှာရှိတဲ့ သီးသန့်ခန်းထဲကို ခေါ်လာပါတယ်၊ မောင်လေးကသူနေကောင်းပါတယ်၊ စိတ်မပူပါနဲ့ လို့ ပြောမှကျွန်မမှာ သက်ပြင်းချနိုင်ပါတော့တယ်။ မေမေကိုတော့ ICU လို့ ခေါ်တဲ့ အထူးခန်းထဲမှာထားပါတယ်။ အဲဒီICUအခန်းထဲကို ညနေ ဧည့်ချိန် (၅)နာရီဝင်ပြီးမေမေ့ကိုတွေ့ ရပါတယ်၊ အဲဒီအချိန်မှာ မေမေလဲ သတိရနေပါပြီ၊ မေမေက သူ့ အတွက်ဘာမှ မစိုးရိမ်နဲ့ ၊ စိတ်မပူနဲ့ လို့ ကျွန်မကို ပြောပါတယ်။ သူနေလည်းကောင်းတယ်လို့ ပြောပါတယ်၊ ICUခန်းထဲမှာ မေမေကို ဆရာဝန်၊ ဆရာမများက အထူးပဲဂရုစိုက်ပြုစုကြပါတယ်။ မေမေက ကျွန်မကိုပြောပြပါတယ်၊ ICUထဲမှာ ဘယ်သူမှနေခွင့်မရပါဘူး၊ ဧည့်ချိန် (၂)ချိန်ပဲ လူနာကြည့်ခွင့်ရပါတယ်၊ လူနာကြည့်တာတောင်မှ တစ်ချိန်မှာတစ်ယောက်ပဲဝင်ကြည့်လို့ ရပါတယ်။ ဆရာတော်နဲ့  ဦးဇင်းတွေက မနက်ဝင်ကြည့်ပြီး မေမေ လိုအပ်တာမှန်သမျှကိုမေးပြီး ဆရာဝန်၊ ဆရာမတွေကို အဓိပ္ပါယ်ပြန်ပေးပါတယ်။ ဘာသာစကား အခက်အခဲကတော့ နဲနဲရှိခဲ့ပါတယ်။ ကြည့်ချိန်ကတော့ (၁၀)မိနစ်သာသာလေးပဲရပါတယ်။ ကျွန်မကတော့ ညနေဘက်ကိုဝင်ကြည့်ပြီး မေမေ့ကို အားပေးရပါတယ်။ လူနာပိုးဝင်မှာကြောက်လို့  ဝေးဝေးကပဲစကားပြောခွင့်ပေးပါတယ်။ ICUထဲမဝင်ခင် လက်တွေကို ပိုးသတ်ဆေးနဲ့ ဆေးပြီး ခေါင်းဆောင်းတွေ၊ နှာခေါင်းစီးတွေ၊ ပိုးသတ်ထားတဲ့ဝတ်စုံကို ဝတ်ပြီးမှ ဝင်လို့ ရပါတယ်။ ICU ထဲမှာ မေမေဟာ (၃)ရက်နေခဲ့ရပါတယ်။ လူနာစိတ်မချရရင် ICU ထဲကပေးမထွက်ဘူး လို့ ပြောတဲ့အတွက် မေမေနေကောင်းပါစေလို့  ဘုရားမှာအားတိုင်း ဆုတောင်းခဲ့ရပါတယ်။ ကျောက်ကပ်ပေးတဲ့မောင်းလေးကတော့ ဆေးရုံမှာ(၃)ရက်တက်ပြီး နေကောင်းတဲ့အတွက် ဆေးရုံကဆင်းရပါတယ်။ မောင်းလေးဆေးရုံတက်နေတဲ့ (၃)ရက်ကို ဆရာတော်ရဲ့ စီစဉ်မှုနဲ့ ဦးဇင်းတစ်ပါးကလာစောင့်ရှောက်ပေးပါတယ်။ ဆရာတော်ရဲ့ ကျေးဇူးနဲ့  ဦးဇင်းတွေရဲ့ ကျေးဇူး ကတော့ ပြောမပြတတ်အောင်ပါပဲ။ မောင်းလေးဆေးရုံကဆင်းတဲ့နေ့မှာ မေမေကို ICU ထဲကထုတ်ပြီး နောက်ထပ် အထူးပိုးသတ်ထားတဲ့သီးသန့် (၁)ယောက်ခန်းမှာထားတဲ့အချိန်မှ ကျွန်မဟာမေမေကို လူနာ စောင့်ခွင့်ရပါတယ်။ အဲဒီအချိန်မှာ မေမေဟာတော်တော်ကြီးကို သက်သာနေပါပြီ၊ ဆီး တွေလဲ ပှုံမှန်သွားနေပါပြီး၊ မေမေက သူနေထိုင်ရတာ အရမ်းပေါ့ပါးကြောင်း၊ နေလို့ ကောင်းကြောင်း စားသောက်ရတာလည်းကောင်းကြောင်း ကျွန်မကိုပြောပြပါတယ်၊ ကျွန်မ အရမ်းဝမ်းသာ မိပါတယ်ရှင့်။ ကျွန်မလည်းမေမေနဲ့ အတူဆေးရုံမှာ(၇)ရက်လောက်နေခဲ့ရပါတယ်။ ၂၈-၂-၂၀၀၉ မှ ICU ထဲကထွက်ပြီး ၆-၃-၂၀၀၉ မှာ ဆေးရုံကဆင်းရပါတယ်။ အဲဒီအတောအတွင်း မှာ မေမေကိုကျောက်ကပ် ဆရာဝန်ကြီးများ၊ ခွဲစိတ်ဆရာဝန်ကြီးနှင့်ဆရာဝန် ဆရာမများက အထူးဂရုစိုက်စောင့်ရှောက်ပေးကြပါတယ်။ အစားအသောက်၊ အနေအထိုင်ကအစ၊ အစစအရာရာအဆင်ပြေပါတယ်။ ကျွန်မတို့လို လူနာစောင့်များအတွက်လည်း အစား အသောက်ကအစ ဆေးရုံကစီစဉ်ပေးကြပါတယ်။ ဆရာဝန်ကြီးများကလည်း နေ့ တိုင်း မေမေကို လာရောက်ကြည့်ရှုမေးမြန်းပြီးလိုအပ်တာ မှန်သမျှဆရာမများကို နေ့ စဉ် ညွန်ကြားပေးပါတယ်။ ဆရာတော်နဲ့တကွ ဦးဇင်းများကလည်း နေ့စဉ် မေမေကို လာရောက်ကြည့်ရှု အားပေးကြပါတယ်။ ဆရာတော်ကလည်း အချိန်မရွေး တခုခုဆိုရင် သူ့ ဆီကိုဖုန်းဆက်ပြီးပြောခိုင်းပါတယ်။ ကျွန်မရဲ့ အားငယ်တဲ့စိတ်တွေ ဘယ်ရောက်သွားမှန်း မသိတော့ပါဘူးရှင့်။ ဆရာတော်ရဲ့ ကျေးဇူးက ဆပ်လို့ မကုန်အောင်ပါပဲ။ အရမ်းကို ကျေးဇူးတင်ပါတယ်ရှင်။ ၆-၃-၂၀၀၉ နေ့မှာ မေမေဟာဆေးရုံက ဆင်းခွင့်ရပါတယ်။ ဆရာတော်က သူ့ ရဲ့ ကားနဲ့  လာကြိုပါတယ်။ ကျောင်းရောက်တဲ့အခါမှာတော့ အားလုံးဝမ်းပန်းတသာနဲ့ မေမေကို လာရောက်ကြည့်ရှုနှုတ်ဆက်ကြပါတယ်။ နောက်နေ့ တွေမှာ မေမေဟာပိုပိုပြီး နေကောင်းလာပါတယ်။ အဲဒီအချိန်မှာမှ ကျွန်မတို့ မိသားစုဟာ ဆရာတော်ရဲ့ ကျောင်းကို သေချာလေ့လာမိပါတယ်။ မေမေနေမကောင်းခင်ဆိုရင် ကျောင်းနဲ့ ဆေးရုံ၊ ဆေးရုံနဲ့ ကျောင်းပဲ သွားနေရပေမဲ့ အပူတွေများတဲ့အတွက် သေချာအောင် မကြည့်ဖြစ် မလေ့လာဖြစ်ပါဘူးရှင့်။ ဆရာတော်ဒေါက်တာ နန္ဒောဘာသရဲ့ ကျောင်းဟာဆိုရင် အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ ၊ ဘာရာဆတ်ရပ်ကွက်၊ ဘာဒူကန်အနီးမှာရှိပြီး ကျောင်းရဲ့ နာမည်ကတော့ ဗောဓိသုခပရဟိတကျောင်းဖြစ်ပါတယ်။ ဆရာတော်ဟာ ရခိုင်လူမျိုးဖြစ်ပြီး သက်တော် ၄၄ နှစ်ရှိပါတယ်။ ဆရာတော်ကျောင်းမှာ ဦးဇင်းတွေနဲ့  ဆရာတော် ပညာသင်ကြားပေးနေတဲ့ ကလေး(၉)ယောက်ရှိပါတယ်။ ဆရာတော်ဟာဆိုရင် ပရဟိတကျောင်းကို တည်ထောင် ထားပြီး ပညာကုသိုလ်ယူနေသောရဟန်းတစ်ပါးဖြစ်ပါတယ်။ ဆရာတော်ကျောင်းမှာ ကျွန်မတို့ ရှိနေတဲ့အချိန်လေးအတွင်း ကျွန်မတို့ မိသားစုလို ကျောက်ကပ်ဝေဒနာရှင်အဖွဲ့  (၇) ဖွဲ့ ရှိပါတယ်၊ ဆရာတော်ရဲ့ ကူညီမှုတွေကတော့ လူနာတွေအတွက် အလွန်တန်ဖိုးမဖြတ်နိုင်ပါဘူးရှင့်။ ဆရာတော်က လူနာတွေ အားလုံးကို မိသားစုလိုသဘောထားပြီး ကူညီစောင့်ရှောက်ပေးပါတယ်။ ဆရာတော်ရဲ့ ကျောင်းဝန်းအတွင်းမှာ ဘုရားတစ်ဆူ၊ သိမ်တစ်ဆောင်၊ ရေကန်တစ်ကန်၊ ဆောက်လက်စ (၄) ထပ်ကျောင်းဆောင်သစ် တစ်ခုနဲ့  ဘုရားဘေးနားမှာတော့ ဆရာတော်နေတဲ့ ကျောင်းဆောင်လေး တစ်ဆောင် ရဟန်းသံဃာများနေတဲ့အဆောင်၊ ဆွမ်းစားအဆောင် ဆွမ်းချက်ဆောင်စသည်ဖြင့် ပြည့်ပြည့်စုံစုံရှိပါတယ်၊ ကျွန်မတို့ လူနာများနေရန် အဆောင်များကိုလဲ စနစ်တကျ ရေ၊ မီး အပြည့်အစုံနဲ့ ဆောက်လုပ်ပေးထားပါတယ်။ လူနာ တစ်ယောက်အနေနဲ့ အပြင်မှာ အခန်းငှားနေလို့ ရပါတယ်။ ဒါပေမဲ့ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုး အသိုင်းအ၀ိုင်းကို တွေ့ခဲပါတယ်။ အခု ဆရာတော် သီတင်းသုံးနေတဲ့ ကျောင်းဝင်းကြီး တစ်ခုလုံးဟာ (၃) ဧကကျော် ရှိတဲ့အတွက် လူနာတွေအတွက် လွတ်လွတ်လပ်လပ် အပန်းဖြေ နားနေဖို့ သိပ်အဆင်ပြေပါတယ် ရှင့်။ ကျောင်းထဲမှာလဲ ဆရာတော်ဖွင့်လှစ်ထားတဲ့ လူမျိုးစုံ ကျောင်းသားတွေ လာရောက်သင်ကြားနိုင်တဲ့ အင်္ဂလိပ်စာသင်ကျောင်း (Bodhisukha English Medium High School) လဲ ရှိပါတယ်ရှင့်။ ကျောင်းအနီးပတ်ဝန်းကျင်မှာလဲ ကာလကတ္တားမြို့ထဲမှ အပမ်းဖြေ လာရောက်ကြသူများနဲ့ နေ့စဉ်လိုလို စည်ကားနေပါတယ်ရှင့်။ မြို့ ဆင်ခြေဖုံးဒေသဖြစ်တဲ့အတွက် မြို့ပြလေထုညစ်ညမ်းမှုနဲ့ အသံဗလံ ဆူညံမှုကင်းရှင်းတာ ကြောင်း လူနာတွေအတွက် စိတ်ချမ်းသာ ကိုယ်ချမ်းသာ တည်ခိုရင်း ဆေးဝါးကုသနိုင်ပါတယ်။ နောက်ပြီး ဆေးရုံကို သွားမယ်ဆိုရင်လဲ ကျောင်းမှနေ မိနစ် ၄၀ ခရီးသာ ဖြစ်ပါတယ်။ ကျွန်မတို့ အိန္ဒိယနိုင်ငံကိုရောက်တဲ့အချိန်က သူတို့ နိုင်ငံမှာ ဆောင်းရာသီဖြစ်တဲ့အတွက် အလွန်ချမ်းအေးတဲ့ ရာသီဥတုကို ခံစားရပါတယ်။ ကျောင်းဝိုင်းအတွင်းမှာ စိုက်ပျိုးထားတဲ့ ပန်းများကလဲ အလွန်လှပစွာ ရောင်စုံဖူးပွင့်ကြပါတယ်။ ဘုရားပတ်ဝန်းကျင်မှာ ရောင်စုံ ပန်းပွင့်ကြီးများနှင့် အလွန့် ကို လှပတင့်တယ်ကြပါတယ်။ ဆေးရုံကဆင်းပြီး နေကောင်းလာတယ်ဆိုရင်ပဲ မေမေဟာ မနက်(၅)နာရီလောက်ကစပြီး ဆာတယ်၊ ဆာတယ်ပြောလို့ ကျွန်မနဲ့ ၊ ကျွန်မဝမ်းကွဲအစ်မမှာ မနက်(၄)နာရီလောက်ကထပြီး မေမေစားဖို့ ချက်ပြုတ်ရပါတယ်။ အစကဆိုရင် မေမေဟာ အစားအစာကို သိပ်ပြီးဟတ်ဟတ် ပတ်ပတ်မစားနိုင်ပါဘူး။ အခုဆိုရင်တော့ မိုးမလင်းသေးဘူး ဆာတယ်၊ ဆာတယ်ပြောလို့  ကျွန်မတို့ မှာ အစောကြီးထပြီး ချက်ပြုတ်ကျွေးမွေးရပါတယ်ရှင့်။ စားသောက် ဆေးသောက်ပြီး ဘုရားဝတ်ပြုဖို့  မေမေဟာ သူ့ ဘာသာသူ လမ်းလျှောက်ပြီး ဘုရားကိုသွားတယ်။ ဘုရားကိုလည်း ၄-၅-ခေါက်ပတ်တယ်၊ ဘုရားရှိခိုးတယ်၊ ပြီးတော့မှ အဆောင်ကိုပြန်လာပြီး နားတယ်၊ အစကဆိုရင် လမ်းလျှောက်ဖို့ နေနေသာသာ၊ ထတာ ထိုင်တာတောင် ထူရ၊ မရတယ်၊ တွဲပြီးမှ လမ်းလျှောက်နိုင်ပါတယ်၊ ကျောက်ကပ်ခွဲစိတ် အစားထိုးပြီးနောက် မေမေဟာ သူ့ ဘာသာသူ သွားနိုင်၊ လာနိုင်၊ စားနိုင်၊ သောက်နိုင်ပြီး၊ သူဘာသာ သူ့ ဝေယျာဝစ္စတွေကို လုပ်နိုင်၊ ကိုင်နိုင်လာပါတယ်။ ကျွန်မတို့ ကတော့ ဆေးတိုက်၊ ဆေးထိုးဖို့ လောက်ပဲ မေမေကို ကူညီပေးရပါတော့တယ်ရှင့်။ ဆေးရုံကဆင်းပြီး မေမေဟာ တပတ်ကို ၂-ကြိမ်၊ အင်္ဂါ၊ ကြာသပတေးနေ့ တွေမှာ ဆေးရုံကကျောက်ကပ်ဆရာဝန်ကြီးကို သွားပြန်ပြရပါတယ်၊ သွေးစစ်တာကိုလည်း တပတ် ၂-ကြိမ်စစ်ဆေးရပါတယ်။ စစ်ဆေးပြီး အဖြေကိုလည်း ကျောက်ကပ် ဆရာဝန်ကြီးကို အမြဲပြန်ပြရပါတယ်။ ခွဲစိတ် အစားထိုး ကုသမှုဟာ ရာနှုန်းပြည့် အောင်မြင်တယ်၊ ဒါကြောင့် ပြန်ဖို့ ရက်ကိုလည်း ဆရာဝန်ကြီးက သတ်မှတ်ပေးလိုက်ပါတယ်။ ကျွန်မတို့  အရမ်းဝမ်းသာ ပျော်ရွှင်မိပါတယ်ရှင်။ အဲဒီသတင်းကို ကျွန်မတို့ ဆွေမျိုးသားချင်းများကို အကြောင်းကြားတော့ သူတို့ လည်း ဝမ်းသာကြပါတယ်။ ပြန်ရတော့မယ်ဆိုတော့ ပြန်ဖို့ မတိုင်ခင်တပတ်မှာ မေမေသောက်ရန် အတွက် တစ်နှစ်စာ ဆေးတွေကို ဝယ်ရပါတယ်။ ဆေးတွေကို ဝယ်ရမှာ ဈေးသက်သာဖို့ အတွက် ဆရာတော်က ကုမ္ပဏီကနေ ဝယ်ဖို့ စီစဉ်ပေးပါတယ်။ ဆေးတွေ ဝယ်ပြီးတဲ့အချိန်မှာတော့ ကျွန်မတို့  မိသားစုတွေ မြန်မာပြည်ပြန်ဖို့  စီစဉ်ရပါတော့တယ်။ ကျွန်မတို့ မိသားစုတွေ ၆-၄-၂၀၀၉နေ့ မှာ အိန္ဒိယနိုင်ငံ၊ ကာလကတ္တား လေဆိပ်မှ တဆင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပြန်လာခဲ့ပါတယ်။ မေမေ့သူငယ်ချင်းများနှင့် ဆွေမျိုးသားချင်းများက ရန်ကုန်လေဆိပ်မှာ လာရောက်ကြိုဆိုကြပါတယ်။ သွားတုံးက ဝှီးချဲ နဲ့  သွားရတဲ့ မေမေဟာ အခုဆိုရင် သူ့ ဘာသာသူ လေယာဉ်ပေါ်ကဆင်းပြီး လမ်းလျှောက်လာနိုင်ပါတယ်။ မေမေ့သူငယ်ချင်းများက မေမေ့ကျမ္မာရေး အခြေအနေ ကောင်းလာပုံကိုကြည့်ပြီး အလွန်အံ့ဩဝမ်းသာကြပါတယ်။ မေမေဟာ အခုဆိုရင် သူ့ ဘာသာသူ သူများနဲ့ တန်းတူ စားနိုင်၊ သွားနိုင်၊ လာနိုင်၊ လုပ်နိုင်၊ ကိုင်နိုင်တဲ့ဘဝကို ပိုင်ဆိုင်နေပြီလို့ ပြောလို့ရပါတယ်။ သူ့ ဝေယျာဝေစ္စကို သူ့ ဘာသာသူ လုပ်နိုင်၊ ကိုင်နိုင်နေပါပြီရှင့်၊ အခုဆိုရင် ကျွန်မတို့ မိသားစုများအားလုံး မေမေ့ကို ကြည့်ပြီး စိတ်ချမ်းသာ ပျော်ရွှင်နေကြပါတယ်ရှင့်၊ ကျမ္မာခြင်းသည် လာဘ်တစ်ပါး မဟုတ်ပါလား ရှင့်---- ယခုကဲ့သို့ ကျွန်မတို့ မေမေ ကျန်းမာလာအောင် ဝိုင်းဝန်းကူညီ ဖေးမကြသော ဆရာတော် ဒေါက်တာ နန္ဒောဘာသနဲ့တကွ ဦးဇင်းများ၊ အပိုလို ဆေးရုံကြီးမှ ကျောက်ကပ် ဆရာဝန်ကြီးများ၊ ခွဲစိတ်ဆရာဝန်များ၊ ဆရာဝန်၊ ဆရာမများ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ကောင်စစ်ဝန်နှင့် ဝန်ထမ်းများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေရှင့်------။ 
 (ဓါတ်ပုံ၊ ၀ဲမှ ယာသို့ - မယဉ်မိုးစန်ဝင်း (သမီးကြီး)၊ ဒေါ်ချန်ကင်လင်း၊ မသီတာစိုးအောင် (သမီးငယ်)

No comments: