ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Thursday, May 23, 2013

Leading Normal Life after Renal Transplant


ပုံမှန်ဘ၀ကို ပြန်လည်ရရှိလာခြင်း

သမီးအဖေ ဦးစိုးဝင်းဟာ ကျောက်ကပ်ရောဂါကို လွန်ခဲ့သော (၂)နှစ်ကျော်မှ စတင်ပြီး ခံစားခဲ့ရပါတယ်။ ဆီးချိုရောဂါ ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်၊ ကျောက်ကပ်ရောဂါ မဖြစ်ခင် (၄-၈-၂၀၀၇) ခုရက်နေ့တွင် နှလုံးတိုက်ခိုက်ခံရခြင်း (Heart attack) ဖြစ်ခဲ့ပါတယ်။ ရိုးရိုးဖျားနာရာမှ စတင်ပြီး ဆီးချိုဆေးများကို မသောက်မိသည့် တစ်ပတ်အတွင်း ဆီးချိုအမြင့်ဆုံးသို့ ရောက်ရှိခဲ့တယ်။ ယင်းနောက် သွေးများပျစ်ကာ နှလုံးသွေားကြောပိတ်ခဲ့ပြီး နှလုံးကို အချိန်မှီ ကုသနိုင်ခဲ့ပါတယ်။ နှလုံးအထူးကုဌာနမှ ဆရာဝန်များကလည်း လူနာကို တစ်နာရီအတွင်း ဆေးရုံသို့ ရောက်ရှိစေခဲ့ပြီး အချိန်မှီ ကုသနိုင်ခဲ့သောကြောင့် နှလုံးတွင် ဒဏ်ရာမဖြစ်ခဲ့ပါ။ သို့ ရာတွင် လူနာရဲ့ ကျောက်ကပ်အားနည်း နေပြီလို့ 
ဆရာဝန်များကှ ပြောကြားခဲ့ပါတယ်၊ နှလုံးဆရာဝန်နှင့် အပတ်စဉ်ပြသခဲ့ပြီး ကျောက်ကပ်ဆရာဝန်တို့နှင့်ပါ ထပ်မံပြသခဲ့ပါတယ်။ ကျောက်ကပ်ဆရာဝန်မှ လူနာကို အနုမြူရောင်ခြည် ဌာနတွင် ကျောက်ကပ် နှစ်ဘက်လုံး လုပ်အားကို အသေးစိတ် ဓါတ်မှန်ရိုက်ကာ အဖြေရှာခဲ့ပါတယ်။ လူနာသည် (Creatinine 600)ကျော်နေပြီး ကျောက်ကပ်ဆေးရမယ်လို့ ပြောတာကို ကြားရတော့ မိသားစုအားလုံး တုန်လှုပ် ကြောက်ရွံခဲ့ပါတယ်။ ဖခင်မသိအောင် သားအမိတတွေ ကြိတ်ငိုခဲ့ပြီး ဘာဆက်လုပ်ရင် ကောင်းမလဲလို့  တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ ဖခင်တစ်ယောက်ကို လက်လွှတ် ဆုံးရှုံရတော့မှာပဲလို့ တွေးထင်မိပြီး စိတ်မချမ်းသာ ဖြစ်ခဲ့ရပါတယ်။ ကျောက်ကျပ်ဆေးရမှာကို ကြောက်ရွံပြီး သောက်ဆေးများနှင့် ထိန်းနေစဉ်မှာပင် လူနာသည် သွေးအား နည်းလာပြီး အစားအသောက်ပျက်ကာ အမြဲပျို့ အန်ပြီး တနေ့ တခြား ပျော့ခွေလာခဲ့ပါတယ်။ ဆေးပညာအသိ မရှိခဲ့သောကြောင့် လူနာသည် (Creatinine 3000) ကျော်ဖြစ်ကာမှ မဖြစ်မနေ ကျောပ်ကပ်စတင် ဆေးခဲ့ရပါတယ်။ ဆီးဆိပ်များလွန်ကာ ကျောက်ကပ်ဆေးကြော ကုသခြင်း နောက်ကျခဲ့သောကြောင့် ဆေးရုံပေါ်တွင်(၄) လကျော် ကြာမြင့်ခဲ့ပါတယ်။ အဲဒီတော့မှ ကျောက်ကပ်ရောဂါနှင့် ပတ်သက်ပြီး စုံစမ်းလေ့လာခဲ့ပါတယ်။ ကျောက်ကပ် အစားထိုးကုသလို့ ရနိုင်ကြောင်းကို အဲဒီတော့မှ သိရှိခဲ့ရပါတယ်။ အဲဒီ အချိန်တွင် အိန္ဒိယ၌ ကျောက်ကပ်အစားထိုး ကုသလို့ ရနိုင်ကြောင်းကိုလည်း ကြားသိခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံသို့  သွားရောက်ပြီး ကျောက်ကပ်အစားထိုး ကုသခဲ့သည့် ကျောက်ကပ်လူနာ မိတ်ဆွေများမှလည်း အမြန်ဆုံး အစားထိုးကုသရန် တိုက်တွန်း အားပေးခဲ့ကြပါတယ်။ အိန္ဒိယမှာ အစားထိုးကုသလာသည့် လူနာများ အလွန်ကောင်းမွန်ကြပြီး သူတို့ဘ၀ကို ပုံမှန်နေထိုင်နေကြတာကို မြင်ရတော့ အလွန်ဝမ်းသာပြီး အိန္ဒိယနိုင်ငံသို့ သွားရောက်ကုသရန် စီစဉ်ခဲ့ပါတယ်။ တိုင်းတပါး သူများနိုင်ငံသို့ သွားရောက်ကုသရမှာကိုလည်း တွေးပြီး အားငယ် ကြောက်ရွံခဲ့ပါတယ်။ အစားထိုး ကုသလာခဲ့သည့် လူနာမိတ်ဆွေများမှ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရှိ ဗောဓိသုခ ပရဟိတ မြန်မာဘုန်းတော်ကြီးကျောင်းမှ ဆရာတော်နှင့် သံဃာတော်များမှ ကူညီ ဆောင်ရွက်ပေးပုံများကို ကြားသိရတော့ အလွန်ဝမ်းသာ အားတက်ခဲ့ရပါတယ်။

အိန္ဒိယသို့မလာရောက်မီ လူနာအာုး အဆုတ်၊ မျက်စိ တို့ကို ကြိုတင်စစ်ဆေး ကုသခဲ့ပါတယ်။ နှလုံးဆရာဝန်မှလည်း နှလုံးခွဲစိတ်ကုသသင့်တယ်လို့ ခန်းမှန်းခဲ့ပါတယ်။ သမီးဖခင်ဟာ ကျောက်ကပ်ဆေးခါစကပင် လမ်း သိပ်မလျောက်နိုင်ခဲ့ပါ။ လူနှစ်ယောက်တွဲပြီးတော့ လမ်းလျောက်ရပါတယ်။
အိန္ဒိယနိုင်ငံသို့လာရာတွင်လည်းလေဆိပ်မှ(Wheelchair) အကူအညီဖြင့် လာခဲ့ရပါတယ်။ လေဆိပ်တွင် အိန္ဒိယလူမျိုးများကြားမှာ ဆရာတော်မှ ဦးဆောင်ပြီး လာကြိုတာတွေ့ရတော့ အလွန်ဝမ်းသာခဲ့ရပါတယ်။ အိန္ဒယနိုင်ငံ (Kolkata) မြို့ရှိ ဗောဓိသုခပရဟိတကျောင်းတိုက် အရောက်တွင် ဆရာတော်မှ နေရာထိုင်ခင်း ချထားပေးပြီး စီစဉ် ဆောင်ရွက်ပေးခဲ့ပါတယ်။


သမီးတို့ ဆေးလာကုသစဉ်အတွင်း ကျောင်းတွင်း ကထိန်ပွဲနှင့်လည်း ကြုံကြိုက်ခဲ့ပါတယ်။ အောက်တိုဘာလကုန် ဆရာတော်ရဲ့ (၄၅)နှစ်မြောက် မွေးနေ့ ပွဲနှင့်လည်း ကြုံဆုံကျင်းပခဲ့ပါတယ်။ စရောက်သည့်နေ့ မှစ၍ အစစအရာရာ အနေအထိုင် အစားအသောက် သွားရေးလားရေး အားလုံး အဆင်ပြေခဲ့ပါတယ်။

အိန္ဒိယသို့ စရောက်ပြီး နောက်နေ့ မှာပင် ဆရာတော်မှ လူနာများကို သက်ဆိုင်ရာ ကျောက်ကပ်ဆရာဝန်နှင့် အပ်နှံပြသပေးပါတယ်။ အိန္ဒိယ ဆရာဝန်များမှလည်း လူနာများကို အသေးစိတ် စိတ်ရှည်လက်ရှည် စမ်းသပ်စစ်ဆေးကာ စတင်ပြီး ကုသပေးခဲ့ပါတယ်။ ဆရာတော်နှင့် ဦးဇင်းများမှလည်း စိတ်ရောကိုယ်ပါ တက်ကြွစွာနှင့် ကူညီဆောင်ရွက်ပေးပါတယ်။ ဆရာဝန်ပြသမှုနှင့် ဆေးရုံပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆရာတော်နှင့် ဦးဇင်းများက ဘာသာပြန် ကူညီပေးခဲ့ပါတယ်။ ယခုလိုမျိုး တိုင်းတပါး နိုင်ငံရပ်ခြားတွင် ဆရာတော်၊ သံဃာတော်များ၏ ကူညီစောင့်ရှောက်မှုကြောင့် အခက်အခဲမရှိ အားလုံးအဆင်ပြေခဲ့ပါတယ်။ (Wheel chair) နှင့် လူနှစ်ယောက်တွဲရသော ဖခင်သည် ကာလကတ္တားမြို့ (Kolkata) ရှိ Apollo Gleneagles Hospitals ဆေးရုံတွင် ကျောက်ကပ် သုံးလေးကြိမ် ဆေးပြီးသောအခါ လမ်းလျောက်နိုင်ခဲ့ပါတယ်။ ဗောဓိသုခပရဟိတ ကျောင်းတိုက်တွင်းရှိ စေတိတော်မြတ်ပတ်လည်တွင် နံနက်တိုင်း ဘုရာပတ်ပြီး လမ်းလျောက်လာနိုင်ခဲ့ပါတယ်။ လမ်းလျောက်နိုင်တာ တွေ့ရတော့ မိသားစုအားလုံး ၀မ်းသာပျော်ရွှင်ခဲ့ ရပါတယ်။ ကျောက်ကပ် အစားမထိုးမီ ဆေးနေစဉ်မှာပင် လူနာသည် ကျန်းမာလန်းဆန်း လာခဲ့ပါတယ်။ ကျောက်ကပ်အလှုရှင် (Donor) နှင့် (Tissue Typing Laboratory) စစ်ဆေးနေစဉ်အတွင်း ဆရာတော်၏ စီစဉ်ပေးမှုကြောင့် ဖခင်လူနာသည်လည်း ဗုဒ္ဓဂါယာသို့ ဘုရားဖူးခွင့်ရရှိခဲ့ပါတယ်။ ဆေးလာကုသော ကျောက်ကပ်မိသားစုများလည်း အချင်းချင်း ရိုင်းပင်းကူညီခဲ့ကြပါတယ်။ သမီးတို့ ဆေးလာကုနေစဉ်အတွင်း လူနာမိသားစုပေါင်း ကျောင်းတိုက်အတွင်းမှာ ၁၅ ဖွဲ့ရှိပါတယ်။ ခွဲစိတ်ပြီးတိုင်း လူနာများလည်း အားလုံး ကျန်းမာကောင်းမွန်နေတာကို တွေ့ရတော့ အားလုံး ၀မ်းသာကြရပါတယ်။ လူနာများနှင့် လူနာရှင်များလည်း ကျောင်းတိုက်အတွင်း တည်းခိုနားနေရတာ အလွန်အမင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါတယ်။ နံနက်တိုင်း အာရုံတက်ချိန်တွင် စေတီရှေ့ မှ ဆရာတော်နှင့် သံဃာတော်တို့ ၏ မေတ္တာပို့ သမှုတို့ ကြောင့် ပူပင်မှုတို့  ငြိမ်းအေးစေခဲ့ပါတယ်။ ခွဲစိတ်ကုသခွင့် ရရှိရန်အတွက် လိုအပ်သော စာရွက်၊ စာတမ်းတို့ ကိုလည်း ဆရာတော်မှ အားလုံး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ မြန်မာသံရုံးနှင့် သက်ဆိုင်ရာ ဌာနများမှလည်း ကူညီပေးခဲ့ကြပါတယ်။ သက်ဆိုင်ရာ ရုံးအဆင့်ဆင့်သို့ စာရွက်စာတမ်း ကိစ္စရပ်များကိုလည်း ဆရာတော်နှင့် သံဃာတော်များမှ ဆောင်ရွက်ကူညီပေးခဲ့ပါတယ်။ သမီးတို့လို (Health Department) ဆေးကောင်စီတက်ရသည့် လူနာများကို ကူညီဆောင်ရွက်ပေးရတာ ပိုပြီးပင်ပန်းခဲ့ပါတယ်။ (Health Department) သို့  စာရွက်စာတမ်းများ တင်ပြရာတွင်လည်း ဆရာတော်၏ ကူညီစောင့်ရှောက်မှုကြောင့် အောင်မြင်စွာပြီးစီးခဲ့ပါတယ်။

ကျောက်ကပ်အစားမထိုးမီ နှလုံးသွေးကြောများ စစ်ဆေးကုသရာတွင်လည်း နှလုံးခွဲစိတ်စရာမလိုပဲ ကျောက်ကပ်အစားထိုးနိုင်ကြောင်း သိရတော့ ၀မ်းသာပျော်ရွှင်မိခဲ့ပါတယ်။ သမီးအဖေ ဆီးချိုရောဂါရှိသည့် အတွက်ကြောင့် စိတ်ပူပန်ခဲ့ရပါတယ်။ ဆရာဝန်ကြီးများ၏ ဂရုတစိုက် ကုသမှုကြောင့် ကျောက်ကပ် အလှုရှင်ရော၊ အလှုခံသူပါ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။ ခွဲစိတ်ကုသပေးသည့် ဆရာဝန်ကြီးမှလည်း ပူပင်ရန်မလိုကြောင်း လူနာရော၊ လူနာရှင်ပါ အားပေးပြီး အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ပါတယ်။ သမီးအဖေသည် ကျောက်ကပ်ရောဂါ ဖြစ်စမှပင် ဆီးမထွက်တာ (၂) နှစ်ကျော်ခဲ့ပါပြီ။ ခွဲစိတ်ပြီးသည့်နေ့  ညနေပိုင်း (ICU)တွင် ၀င်တွေ့ ရတော့ ဖခင် ဆီးထွက်တာ မြင်ရလို့  ၀မ်းသာလွန်းပြီး မျက်ရည်လည်ခဲ့ရပါတယ်။ (ICU) ထဲရှိ ဆရာဝန်၊ ဆရာမများမှလည်း အထူးဂရုစိုက် ကုသပေးခဲ့ပါတယ်။ (ICU) ထဲတွင်လည်း မြန်မာလူနာများကို ဘာသာစကား အခက်အခဲမရှိ အဆင်ပြေစွာ ဂရုတစိုက် ကုသပေးခဲ့ပါတယ်။ လူနာခွဲစိတ်မှု အောင်မြင်ခဲ့သလို ဆရာတော်၊ သံဃာတော်များ၏ ပင်ပန်းမှုတို့ သည်လည်း များစွာရှိခဲ့ပါတယ်။
စင်စစ် ကာလကတ္တားမြို့ရှိ ဗောဓိသုခပရဟိတမြန်မာကျောင်းတိုက်ဟာ ကျောက်ကပ်လူနာများနှင့် ပြည့်ကျပ်နေသည့်အတွက် ကျောက်ကပ်ရွာကြီးတစ်ရွာလို ဖြစ်နေပါတယ်။ သမီးအဖေ (ICU) ထဲတွင် လေးရက်မြောက်နေပြီးနောက် အပြင်ခန်းသို့ ပြောင်းရွှေ့ ခဲ့ပါတယ်။ ဆရာဝန်ကြီးမှလည်း နေ့စဉ်လာရောက် ဂရုတစိုက် ကုသပေးခဲ့ပါတယ်။ သမီးအဖေ ၁၉-၂-၂၀၁၀ နေ့ ဆေးရုံမှ ဆင်းခဲ့ရပြီး ယခုအခါ ပုံမှန်ဘ၀ကို ပြန်ရနေပြီဖြစ်ပါတယ်။ ဆေးရုံမှဆင်းသည့်နေ့ တွင် ဗောဓိသုခ၏ ကျောက်ကပ်ရွာကြီးမှ မိသားစုများက ၀မ်းပန်းတသာ ဆီးကြို ကူညီပေးခဲ့ပါတယ်။ လှုဒါန်းသူ (Donor) ဦးဇင်း ဦးပညာနန္ဒ မှလည်း လူနာ ဆီးထွက်၊ နေကောင်းတာကိုမြင်ရတော့ ၀မ်းသာပီတိ ဖြစ်ခဲ့ကြပါတယ်။ ကျောက်ကပ်အစားထိုးထားသူ လူနာများမှလည်း မိမိကိုယ်မိမိ တန်ဖိုးထား ဂရုစိုက် ဆင်ခြင်နေထိုင်သင့်ပါတယ်။ ကျောက်ကပ်အစားထိုးထားသူ လူနာများလည်း ဗောဓိသုခကျောင်းဆောင်တွင် လမ်းလျောက်ပြိုင်ပွဲအလား လမ်းလျောက်နေကြပုံများကို ကြည့်ပြီး လူနာရှင်များမှလည်း အားရ၀မ်းသာခဲ့ရပါတယ်။


လူနာရှင်များမှ လူနာများအတွက် ဆေးရုံမှ ကျွေးသောပုံစံမျိုးအတိုင်း ချက်ပြုကျွေးကြရပါတယ်။ ဆေးရုံမှ ဆင်းပြီး လူနာကို တပတ်လျှင် (၂) ကြိမ် ဆရာဝန်နှင့် ပြသကြရပါတယ်။ လူနာကို ဆီးနှင့်သွေး အပတ်စဉ် စစ်ဆေး ကုသရပါတယ်။ ကျောက်ကပ် အစားထိုး ကုသပြီး လူနာများသည် အနေအထိုင် အစားအသောက် ထိန်းသိမ်း ဆင်ခြင်ကာ မိမိကျန်းမာရေးကို ဆက်လက်ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရပါမယ်။ မိမိ ကုသခဲ့သော ဆေးရုံသို့  နှစ်စဉ်ပုံမှန် ဆေးစစ်သင့်ပါတယ်။ ဆီးမထွက်၊ ရေမသောက်ရသောဘ၀မှ ကျွတ်လွတ်ပြီး ပုံမှန်လူကောင်းအဖြစ်သို့  ရောက်အောင် ကူညီ စောင့်ရှောက် ပေးခဲ့သော ဆရာတော်နှင့် သံဃာတော်များ၊ ခွဲစိတ် ကုသပေးခဲ့သော (Apollo) ဆေရုံကြီးမှ ဆရာဝန်၊ ဆရာမများနှင့်တကွ ကျေးဇူးတင်ထိုက်သူ အားလုံးကို အမြဲမပြတ် ကျေးဇူးတင်လျက် ရှိနေမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံသို့  စရောက်သည့် အချိန်မှ စ၍ လူနာကောင်းမွန်ပြီး ပြန်သည့်တိုင်အောင် အစ၊အဆုံး ကူညီစောင့်ရှောက် ပေးခဲ့သော ဆရာတော် ဦးနန္ဒောဘာသ နှင့် ဆေးရုံကိစ္စများကို မမောမပန်း ပြေးလွှားကူညီပေးခဲ့ကြသည့် သံဃာတော်များ၊ ဗောဓိသုခ ကျောင်းဝင်းအတွင်း နေရေး၊ ထိုင်ရေး၊ သွားရေး၊ လာရေး၊ အစစအရာရာ ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အားလုံးသော သူများကို အစဉ်ထာဝရ အမှတ်ရ ကျေးဇူးတင်စွာဖြင့် ရေးသားလိုက်ရပါသည်။

ဇာခြည်စိုး(ခ)ဇာဇာစိုး

(ဓါတ်ပုံ - ၀ဲမှယာသို့ - ဇာခြည်စိုး၊ ဦးစိုးဝင်း (ကျောက်ကပ်ဝေဒနာရှင်)၊ ဦးပညာနန္ဒ (ကျောက်ကပ်အလှူရှင်)။

No comments: