ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Friday, May 24, 2013

သမားတော် ဦးဘိုကြီး ကျောက်ကပ်လဲ၍ အောင်မြင်သွားပြီ

သမားတော် ဦးဘိုကြီး ကျောက်ကပ်လဲ၍ အောင်မြင်သွားပြီ

သက်ရှိသတ္တ၀ါများ အားလုံးအတွက် မွေးသည့်နေ့မှစ၍ အရေးအကြီးဆုံးသော အရာမှာ ကျန်းမာရေးပင် ဖြစ်ပါသည်။ လူတိုင်းလူတိုင်းသည် အသက်ရှင်နေနိုင်ရေးအတွက် ကြိုးစားနေကြရသည့် အထဲတွင် ကျန်းမာရေး မကောင်းလျှင် ပစ္စည်းဥစ္စာ ဘယ်လောက်ပင် ချမ်းသာချမ်းသာ၊ ရာထူး အာဏာ ဘယ်လောက်ပင် ကြီးကြီး ဘ၀မှာ ပျော်ရွှင်စွာ နေထိုင်ခွင့် ရကြလိမ့်မည် မဟုတ်ပေ။

အများအားဖြင့် ကျန်းမာသူများက ကျန်းမာရေး၏တန်ဖိုးကို ကိုယ်တွေ့အားဖြင့် မဖြတ်သန်းဖူး၍ လက်တွေ့ နားမလည်နိုင်ကြသေးသော်လည်း မကျန်းမာသူများကား ကိုယ်တိုင်တွေ့ကြုံဖူးပြီ ဖြစ်သောကြောင့် ကျန်းမာရေးဆိုသည်မှာ လူတစ်ယောက်၏ ဘ၀တွင် ဘ၀ရပ်တည်မှူအတွက် သော်လည်းကောင်း၊ လူ့ဘ၀တွင် အတိုင်းအတာ တစ်ခုထိ ပြည့်စုံသူများက ရှေ့ဆက် ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ရန် အတွက်သော်လည်းကောင်း ဘယ်လောက်အရေးကြီးသလဲ ဆိုသည်ကို လက်တွေ့ နားလည် နိုင်ကြပါသည်။
ကျန်းမာသူများနှင့် မကျန်းမာသူများအကြားတွင် ထိုအသိတရား (လက်တွေ့သိနှင့် လက်တွေ့မသိ) ကွာခြားမှူရှိသော်ငြားလည်း ကျန်းမာရေး ဆိုသည်မှာ ဘ၀တွင် အရေးကြီးဆုံး ဆိုသည်ကိုတော့ လူတိုင်း အနုမာန မှန်းဆကြည့်ခြင်းဖြင့် နားလည်နိုင်ကြပေလိမ့်မည်။ ထိုကြောင့် မြတ်စွာဘုရားက “အာရောဂျံ ပရမံ လာဘံ” ကျန်းမာရေးသည် လာဘ်တစ်ပါးဟူ၍ ဟောကြားတော် မူခဲ့သည် မဟုတ်ပါလား။
ရွှေပဒေသာ ပြည်လုံးချမ်းသာဆေးတိုက်ပိုင်ရှင် သမားတော်ကြီး ဦးဘိုကြီး (အဂ္ဂမဟာသိရီသုဓမ္မမဏိဇောတဓရ) သည် ကျောက်ကပ်ရောဂါ ခံစားနေရသည်မှာ အလွန် ကြာလှပြီ ဖြစ်သည်။ ကျောက်ကပ်ပျက်စီးရခြင်း အကြောင်းကတော့ ဆီးချို သွေးချို ရောဂါခံကြောင့်ဖြစ်သည်။ မိမိကိုယ်တိုင်က သမားတော်ကြီး ဖြစ်သည့်အတွက်ကြောင့် ဆီးချိုသွေးချိုကို ထိန်းလာခဲ့သည်မှာ နှစ်အတော်ကြာလှပြီ ဖြစ်သည်။ သူ၏ အစွမ်းထက်လှသော ဆေးကြောင့် အသက်ပေါင်း များစွာကိုလည်း ကယ်ပေးခဲ့လေပြီ။
ယင်းသို့ ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်ယင်းပင် နောက်ဆုံး ဆီးဆိပ်တွေ မတရားတက်လာပြီး သူ့ကျောက်ကပ် ၂ လုံးစလုံး ပျက်စီးသွားရတော့သည်။ ကျောက်ကပ်ပျက်စီး သွားပြီ ဆိုရင်တော့ ကျောက်ကပ် အစားထိုးရုံမှအပ တခြား နည်းလမ်း မရှိတော့ပါ။ ကျောက်ကပ်သည် တစ်နေ့ကို သွေး လီတာ ၂၀၀ သန့်စင်ပေးသည်ဟု ဆိုသည်။ ကျောက်ကပ်၏ အဓိက အလုပ်မှာ ခန္ဓာကိုယ်၌ မလိုအပ်သော စွန့်ပစ်ပစ္စည်းများကို ဆီးမှ တဆင့် စွန့်ပစ်ရသည်။ သွေးနီဥ သွေးဖြူဥများကို မပျက်စီးအောင်၊ ဆီးထဲမှာ ပါမသွားအောင် သန့်စင်ပေးရသည်။ ထိုကြောင့် ကျောက်ကပ်သည် ကိုယ်ခန္ဓာ၏ ဓာတုဗေဒဆေးဆရာကြီးသဖွယ်ပင် ဖြစ်ပါသည်။ နက်ဖရုန် (Nephron) ဟုခေါ်သည့် သွေးသန့်စင် ယူနစ်မှတဆင့် သွေးထဲသို့ ရေများ၊ တခြား မလိုလားအပ်သော အရေများ မ၀င်ရောက်အောင် သန့်စင်ပေးခြင်းသည် ကျောက်ကပ်၏ အဓိက တာဝန်ဖြစ်သည်။
ကျောက်ကပ်တစ်လုံးတွင် နက်ဖရုန် (Nephrons) ပေါင်း တစ်သန်းပါဝင်သည်ဟု သိရပါသည်။ ဆိုလိုသည်မှာ ကျောက်ကပ်တစ်လုံးတွင် သွေးသန့်စက်ပစ္စည်း တစ်သန်း ပါဝင်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ စင်စစ်ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်း လူမသိသူမသိ အလုပ်အများဆုံး လုပ်ပေးနေရသော ကြိယာတစ်ခု ဖြစ်သည်။ ကျောက်ကပ်ပျက်စီးသွားပြီ ဆိုလျှင် လူသေတာနှင့် အတူတူဖြစ်သည်။ ထို့ကြောင့် ကျောက်ကပ်ကျန်းမာရေးသည် အလွန်အရေးကြီးသော အချက်ပင်ဖြစ်ပါသည်။
ယခုအခါ ဆေးပညာထွန်းကားလာခြင်းမှတဆင့် ကျောက်ကပ်အစားထိုးကုသမှူ အောင်မြင်လာ သောကြောင့် ထိုကဲ့သို့ ကျောက်ကပ် အစားထိုးကုသခြင်းသည် သေပြီးသောဘ၀ကို ဆက်လက် အသက်ရှင်ခွင့် ရရှိကြခြင်း ဖြစ်ပါသည်။
ကြိုတင်ကာကွယ်ထားခြင်း
"ကုသခြင်းထက် ကာကွယ်ခြင်းကပိုကောင်း၏" (Prevention is better than cure) ဟူသော ဆောင်ပုဒ်နှင့် အညီ ကျန်းမာရေးနှင့် ပတ်သက်လာလျှင် ကြိုတင်ကာကွယ်ထားခြင်းသည် ကုသခြင်းထက်ကောင်းပါသည်။ ဆရာဝန်ဟူသမျှသည်လည်း မည်သည့် ရောဂါမဆို ကြိုတင်ကာကွယ်ထားခြင်းက အကောင်းဆုံးပင်ဖြစ်ကြောင်း စေတနာကောင်းဖြင့် လမ်းညွန်ကြပါသည်။ ကျောက်ကပ်မကောင်း၍ အစားထိုးကုသရသော အဆင့်သည် နောက်ဆုံး အဆင့်သာ ဖြစ်သင့်ပါသည်။ အောက်ပါတို့သည် မိမိခန္ဓာကိုယ်တွင်းရှိ ကျောက်ကပ်အား ကြိုတင်ကာကွယ်ရန် လိုအပ်သော အချက်များဖြစ်သည်။
၁။ သွေးပေါင်ချိန် ပုံမှန် တိုင်းတာ စစ်ဆေးပါ။ (ပုံမှန် သွေးဖိအားသည် ၁၃၀/၈၀ (သို့) ၄င်းထက် နည်းရမည်)
၂။ ဆီးချို၊ သွေးချိုရောဂါရှိလျှင် သွေးချိုနှုန်းကို ပုံမှန်ဖြစ်နေရန် ထိန်းချုပ်ထားရမည်။
၃။ အကိုက်အခဲပျောက်ဆေးကဲ့သို့သော ဆေးဝါးများ အလွန်အကျွံ သောက်ခြင်းကို သတိပြုပါ။
၎။ ဆေးလိပ်ဖြတ်ပါ။ ကျောက်ကပ် ပျက်စီးနေသော ဆေးလိပ်သောက်သုံးသူသည် ဆေးလိပ် မသောက်သူများထက် အချိန်ပိုစောပြီး ကျောက်ကပ်ဆေးမှု ပြုလုပ်ရတတ်သည်။
၅။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကဲ့သို့သော ရောဂါများကို အမြန်ဆုံး ကုသပါ။
၆။ ကျန်းမာရေးလေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပါ။
၇။ နှလုံးနှင့် ကျောက်ကပ်အတွက် သင့်လျော်သော အာဟာရဓါတ်ပြည့်ဝသည့် အစားအစာများကို စားသောက်ပါ။
၈။ သွေးထဲမှာ အဆီဓါတ် (ကိုလက်စထရောဓါတ်) မြင့်နေမှုကို လျော့သွားအောင် ပြုလုပ်ပါ။
၉။ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိမ်းချုပ်ပါ။
၎င်းပြင် အောက်ပါလက္ခဏာများဖြစ်လာလျှင် နီးစပ်ရာ ကျောက်ကပ်အထူးကု ဆရာဝန်နှင့် အမြန်ဆုံး ဆွေးနွေးတိုင်ပင်သင့်ပါသည်။
၁) ဆီး၌ သွေးပါခြင်း
၂) ဆီးအမြှုပ်ထခြင်း
၃) ဆီး ပျစ်ပြီး အနယ်များခြင်း
၎) ဆီးသွားသောအခါ ခက်ခဲ၍ နာကျင်ခြင်း
၅) ဆီးသွားသောအခါ ကျောက်အတုံးအခဲလေးများ ပါလာခြင်း
၆) ညအခါ ဆီးမကြာခဏသွားခြင်း
ရ) နောက်ကြောဘက် ကြွက်သားများ နာကြင်ခြင်း
၈) ခြေဆစ်လက်ဆစ်များနှင့် မျက်နှာ ဖော့ရောင်ခြင်း
ယခု ရွှေပဒေသာ ပြည်လုံးချမ်းသာဆေးတိုက် ပိုင်ရှင် သမားတော်ကြီး ဦးဘိုကြီး (အဂ္ဂမဟာသိရီသုဓမ္မမဏိဇောတဓရ) သည်လည်း လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သလို သူ့ကိုလည်း ယနေ့ ကာလကတ္တားမြို့ အပိုလို ဂလန်းအီးဂဲလ် ဆေးရုံကြီးမှ ဒေါက်တာ ဗီဗီ လက်ချမီးနာရာယနမ် (Dr. V.V. Lakshminarayanan) (ကျောက်ကပ် အထူးကု သမားတော်ကြီး), ဒေါက်တာ ရာမဲခ်ျချေချဒရီ (Dr. Ramesh Sheshadri) (နှလုံး ကျောက်ကပ် ခွဲစိတ်ဆရာဝန်), ဒေါက်တာ ဗီနိုင်းမဟန်ဒရာ (Dr. Vinay Mahendra) (ဆီးအထူးကု ခွဲစိတ်ဆရာဝန်), နှင့် ဒေါက်တာ ဇယဒီပ ဘဒြာရိုင်း (Dr. Jaydeep Bhadra Ray) (အထွေထွေ ခွဲစိတ်ဆရာဝန်) ဆရာဝန်ကြီးများက ကယ်တင်လိုက်ပါပြီ ဖြစ်ပါသည်။ သမားတော်ကြီးကို ၁၅/၁၁/၁၁ နေ့ ကျောက်ကပ် အစားထိုးကုသ လိုက်သည်။ ကျောက်ကပ် အလှူရှင်ကတော့ သူ့သား မောင်သုတဘိုဖြစ်သည်။ ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းခြင်းသည် ဘုရားအလောင်း သူတော်ကောင်းများသာ ပြုလုပ်နိုင်သော မဟာရ အင်္ဂပရိဇာဂဖြစ်သည်။ သမားတော် ဦးဘိုကြီး၏ ဇနီး ဒေါ်သန်းသန်းကတော့ ဦးဘိုကြီး အခုလို ကျောက်ကပ်လဲ အောင်မြင်လာသည့်အတွက် ၀မ်းအသာဆုံးပုဂ္ဂိုလ် နံပါတ်(1) ဖြစ်မှာ သေချာသည်။ ၄င်းပြင် ဦးဘိုကြီး အသက်ကယ်ပေးထားသော လူနာများ၊ ဓမ္မမိတ်ဆွေများ အားလုံးလည်း ဤသတင်းကို ဖတ်ရှုရလျှင် အားလုံး ၀မ်းသာမဆုံးဖြစ်နေကြမှာဆိုတာ ပြောစရာ မလိုတော့ပေ။
ဦးဘိုကြီးတို့ ဇနီးမောင်နှံသည် ဘာသာရေး ကိုင်းရှိုင်းပြီး အလှူဒါန ရက်ရောသည့် ပုဂ္ဂိုလ်များ ဖြစ်သည့်အားလျော်စွာ နိုင်ငံတော် အစိုးရက ဦးဘိုကြီးအား အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့နှင့် ဇနီး ဒေါ်သန်းသန်းအား သီရိသုဓမ္မသိဂÐ ဘွဲ့ကို ချီးမြှောက်ခြင်း ခံထားရသော ပုဂ္ဂိုလ်များဖြစ်သည်။

ဓါတ်ပုံ= ၀ဲမှ ယာသို့ = သမားတော်ကြီး ဦးဘိုကြီး၊ သား သုတဘို၊ ဇနီး ဒေါ်သန်းသန်း

မေတ္တာဖြင့်-
ဒေါက်တာ နန္ဒောဘာသ
ဗောဓိသုခ ပရဟိတကျောင်း ဆရာတော်
ကာလကတ္တားမြို့

No comments: