ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Sunday, May 26, 2013

ကျောက်ကပ်အစားထိုးခံ ဝေဒနာရှင်တစ်ဦး၏ ရင်တွင်းခံစားချက်

ဓါတ်ပုံ= ၀ဲမှယာသို့ = မယဉ်ယဉ်မြင့်ညီမ၊ မယဉ်ယဉ်မြင့်၊ မယဉ်ယဉ်မြင့်အဖေ၊
ဗောဓိသုခကျောင်း ဆရာတော်၊ မယဉ်ယဉ်မြင့်ရဲ့ ကျောက်ကပ်အလှူရှင် ရှင်သုဇန
ကျွန်မသည် ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ ဝေဒနာရှင်တစ်ဦးဖြစ်ပါတယ်။ ကျွန်မနာမည် ယဉ်ယဉ်မြင့် ပြင်ဦးလွင်ကပါ။ အသက် ၃၀ ရှိပါပြီ။ ကျွန်မကျောက်ကပ်ရောဂါကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ က ဒီရောဂါဖြစ်တယ်ဆိုတာ စပြီးသိရှိခဲ့ရပါတယ်။ ကျွန်မသွေးတိုးစာတွေ မဆင်မခြင်းစားမိတာကနေ စပြီး ရောဂါဖြစ်ခဲ့ရတာပါ။ ဥပမာ-ဒညှင်းသီး၊ မျစ်ချဉ်၊ ငါးပိရည်တို့ ကို
အလွန်အကျွန်စားခဲ့ပါတယ်။ ကျွန်မရောဂါဖြစ်တယ်လို့ သိလိုက်ရတဲ့အချိန်မတိုင်မှီ သုံးပတ်လောက်မှာ အစားအသောက်တွေစပြီး ပျက်လာပါတယ်။ နေထိုင်မကောင်းလို့ ဆေးခန်းသွားတော့ သွေးအရမ်းတိုးနေတယ်။ အပေါ်သွေး(၁၈၀) အောက်သွေး(၁၂၀) ထိသွေးတိုးနေပါတယ်။ ဒီအသက်အရွယ်နဲ့  ဒီလောက်ထိသွေးတိုးတာ မကောင်း ဘူးလို့ ဆရာဝန်က ပြောပါတယ်။ ပါရဂူဆရာဝန်ကြီးနဲ့  သွားပြခိုင်းတယ်။ အဲဒီမှာကျွန်မဆေးခန်းတက် လိုက်ရတယ်။ အဲဒီချိန်မှာ ကျောက်ကပ်မကောင်းတော့ဘူးဆိုတာကို စပြီးသိရှိခဲ့ရပါတယ်။ ကျွန်မနောက်တော့ မန္တလေးကိုသွားပြီး ဆေးကုသမှုခံယူခဲ့ပါတယ်။ အစပိုင်းမှာတော့ဆရာဝန်က ကျောက်ကပ် ယာယီပျက်စီးတယ်လို့ထင်ခဲ့ပါတယ်။ နောက်တော့ ဆီးဆိပ်တွေက တက်တက်လာတယ်။ ဘယ်လိုမှနေလိုမရတော့ဘူး။ တစ်ကိုယ်လုံးကိုက်ခဲ့လာတယ်။ အရိုးထဲကထိကိုက်ခဲတယ်လို့ခံစားရတယ်။ စိတ်တွေလည်းအရမ်းတိုလာတယ်။ ဘယ်လိုမှခံနိုင်ရည်မရှိအောင်ကို ညောင်းကိုက်လာပါတယ်။ နောက်ဆုံးတော့ ကျွန်မကျောက်ကပ်ဆေးလိုက်ရပါတယ်။ ဆရာဝန်းကြီးကပြောတယ် ကျောက်ကပ်လဲ လိုက်ရင် ပိုကောင်းမယ်၊ အလှူရှင်ရှာလိုက်ပါတဲ့။ အဲဒါနဲ့ကျွန်မ ကျောက်ကပ်ပေးမဲ့ အလှူရှင်ကို စပြီးရှာခဲ့ပါတယ်။ မကြာမှီမှာပဲ အလှူရှင်ရခဲ့ပါတယ်။ ကျွန်မကိုလှူမဲ့အလှူရှင့်ကတော့ မန္တလေးတိုင်း၊ အမရပူရမြို့၊ ကပ်ကျော်ကျောင်းက ကိုယ်ရင်သုဇနဖြစ်ပါတယ်။ ကိုရင်လေးရဲ့ ကျောက်ကပ်လှူချင်တဲ့ ဒါနစိတ်ကိုလည်းလေးစားပြီး ကျေးဇူးလည်းတင်ပါတယ်။ ကျွန်မ အိန္ဒိယနိုင်ငံသို့ သွားပြီး ကျောက်ကပ်သွားလဲဖို့ စပြီးစီစဉ်နေတဲ့အချိန်မှာပဲ မန္တလေးမြို့သို့ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ (Medica Super Specialty Hospital) ဆေးရုံမှ ကျောက်ကပ်ပါရဂူကြီး Dr.D.K.Pahari က မန္တလေး city Hospital မှာ ကျောက်ကပ်ရောဂါနှင့်ပတ်သက်ပြီး ဟောပြောပွဲလုပ်မယ်လို့ သတင်းရခဲ့တာနဲ့ သွားရောက်ခဲ့ပါတယ်။ အဲဒီမှာပဲ မဇ္ဈိမဂုဏ်ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့မှ အန်တီဒေါ်သီတာနဲ့လည်းတွေ့ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသွားဖို့ကိစ္စကို မိဇ္ဈိမဂုဏ်ကပဲစီစဉ်ပေးခဲ့ပါတယ်။ အစပိုင်းမှာတော့ ကိုယ့်နိုင်ငံလည်းမဟုတ် သူများနိုင်ငံကိုသွားရမယ်ဆိုတော့ အဆင်မှပြေပါ့မလားဆိုတဲ့အတွေးနဲ့ စိုးရိမ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးတည်ထောင်ထားတဲ့ ဗောဓိသုခပရဟိတ ဘုန်းကြီးကျောင်းရှိတယ်ဆိုတာ သိခဲ့ရပါပြီ။ မြန်မာနိုင်ငံကနေဆေးလာကုတဲ့ ကျောက်ကပ်ဝေဒနာရှင် တွေကို အစအဆုံးကူညီပေးတယ်လို့သိခဲ့ရပါတယ်။ အဲဒီသတင်းကိုကြားပြီး စိတ်ထဲမှာအားရှိသွားတယ်။ ကျွန်မတို့ အားကိုးရမဲ့ ဆရာတော်ကြီးရှိတယ်ဆိုတာ သိရလို့ အရမ်းဝမ်းသာခဲ့ပါတယ်။ ၁၃-၀၁-၂၀၁၂-မှာမြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကိုစထွက်လာခဲ့ပါတယ်၊ အိန္ဒိယလေဆိပ်ကိုရောက် တော့ ဗောဓိသုခပရဟိတကျောင်းကဦးဇင်းတစ်ပါး လာကြိုပါတယ်။ ကျောင်းရောက်တော့ ကျွန်မတို့အတွက် အိပ်စရာ၊ နေစရာ အခန်းလည်းစီစဉ်ပေးထားပါတယ်။ ဗောဓိသုခပရဟိတကျောင်းမှာ စေတီလေးတစ်ဆူရှိပြီး ရေကန်လေးရယ် သစ်ပင်လေးတွေလည်းရှိပြီး ကျောင်းဝန်းလေးက သာသာယာယာလေး နေရတာ အေးချမ်းပါတယ်။ မြန်မာနိုင်ငံကနေလာရောက် ဆေးကုသကြတဲ့ ကျောက်ကပ်ဝေဒနာရှင်တွေလည်း တော်တော်များများရောက်ရှိနေပါတယ်။ မြန်မာလူမျိုးတွေချည်းပဲဆိုတော့ ကိုယ်မြန်မာနိုင်ငံမှာ နေရသလိုပဲ ခံစားမိပါတယ်။ ကျွန်မတို့ ရောက်ပြီး နောက်နေ့မှာ ကျောင်းကဦးဇင်းသီဟနဲ့ Medica ဆေးရုံးကို လိုအပ်တဲ့ဆေးစစ်မှု တွေစလုပ်ဖို့ အတူတူသွားခဲ့ကြပါတယ်။ ဆေးစစ်ဖို့ ကိစ္စတွေအားလုံးကို ဦးဇင်းကပဲ အစစအရာရာ အားလုံးလိုက်စီစဉ်ဆောင်ရွက်ပေးပါတယ်။ ဆရာတော်ကြီးနဲ့ ဦးဇင်းတွေလည်း စေတနာအပြည့်နဲ့  လိုအပ်တာတွေအားလုံးကိုကူညီပေးပါတယ်။ အခုလိုကူညီပေးတဲ့ဆရာတော်ကြီးနဲ့  ဦးဇင်းတွေမရှိရင် ကျွန်မတို့ အတွက်အများကြီး အခက်အခဲရှိမယ်ဆိုတာသေရှာပါတယ်။ အခုတော့အခက်အခဲမရှိစွာနဲ့  ဆေးကုသမူခံယူရာမှာ အရမ်းကိုအဆင်ပြေခဲ့ပါတယ်။ ဆရာတော်ကြီးနှင့်လိုက်လုပ်ပေးတဲ့ ဦးဇင်း တွေကို ကျွန်မအရမ်းကိုကျေးဇူးတင်မိပါတယ်။ ဒီလိုနဲ့ ပဲ ကျွန်မခွဲရမဲ့ရက်ကိုသိရပါပြီး ၁၈-၀၄-၂၀၁၂-မှာကျွန်မခွဲစိတ်မှု ခံယူရပါတော့မယ်။ ခွဲမဲ့ရက်မတိုင်မှီဆေးရုံတစ်ရက်ကြိုတက်ရပါတယ်။ နောက်ရက်မှခွဲစိတ်ခန်းဝင်ရမှာပါ။ ကျွန်မနဲ့  အလှူရှင်ခွဲစိတ်ခန်းကို (၈း၀၀)နာရီလောက်မှာ စ၀င်ခဲ့ပါတယ်။ နေ့လည်လောက်မှ နှစ်ယောက်လုံး ခွဲစိတ်မှု အောင်မြင်စွာပြီးသွားပါပြီ။ Medica ဆေးရုံးကြီးကို ပထမတော့ အဆင်မှပြေပမလားလို့  ထင်ခဲ့ပေမဲ့ ကျွန်မအတွက်တော့အရမ်းအဆင်ပြေပါတယ်။ အရမ်းလည်းကောင်းပါတယ်။ နောက်ရက်မှ ဆေးရုံကို ဆရာတော်ကြီးကလာပြီး၊ လူနာတွေကိုလာကြည့်ပြီး အားပေးစကားပြောပါတယ်။ အခုလို လူနာတွေကို ဂရုစိတ်ပေးတဲ့ ဆရာတော်ကြီးကို ကျေးဇူးအရမ်းတင်မိပါတယ်။ ကျွန်မ ဆေးရုံးမှာ(၁၄)ရက်ကြာခဲ့ပါတယ်။ Medica ဆေးရုံးကြီးကနေ ကျန်းကျန်းမာမာနဲ့ ဆင်းခဲ့ရပြီး ဗောဓိသုခကျောင်းကိုပြန်ခဲ့ပါတယ်။ ကျောင်းရောက်ပြီး လိုအပ်တဲ့သွေးစစ်မူကိစ္စတွေ လုပ်ရပါသေးတယ်။ လူနာတွေပင်ပန်းမှာစိုးလို့ ဆရာတော်ကြီးစီစဉ်ပေးမှုကြောင်း ဆေးရုံသွားစစ်စရာမလိုပဲ ကျောင်းမှာပဲ လာရောက်စစ်ဆေးပေးပါတယ်။ အဲဒါကြောင့် ကျွန်မတို့လူနာတွေအတွက်အများကြီး သက်သာပါတယ်။ ဆရာတော်ကြီးက လူနာတွေအတွက်အမြဲစီစဉ်ပေးပြီး ဂရုစိုက်ပေးရှာတယ်။ သွေးအဖြေတွေသိရရင် Medica ဆေးရုံကြီးသွားပြီး Dr.D.K.Pahari နဲ့ သွားပြရပါတယ်။ ကျောင်းကဦးဇင်းတွေကပဲလိုက်ပို့  ပေးပြီး လိုအပ်တာတွေလိုက်လုပ်ပေးပါတယ်။ လိုအပ်တဲ့ဆေးစစ်မူတွေခံယူပြီး စိတ်ချရပြီးဆိုတာနဲ့  မြန်မာနိုင်ငံကိုပြန်လို့ ရပါပြီ။ ကျွန်မတို့ ၂၈-၀၅-၂၀၁၂ ရက်နေ့ မှာ မြန်မာနိုင်ငံကိုပြန်ရပါတော့တယ်။ ကျန်းမာရေးကောင်းပြီး အောင်မြင်စွာပြန်ရတာမို့ အရမ်းပျော်ခဲ့ပါတယ်။ ဗောဓိသုခကျောင်းက ဆရာတော်ကြီး ဒေါက်တာနန္ဒောဘာသနှင့်အတူ လူနာတွေအပေါ်စေတနာအပြည့်နဲ့ ကူညီပေးနေတဲ့ ဦးဇင်းများ အားလုံးကို ကျေးဇူးတင်လျက်------ မယဉ်ယဉ်မြင့် ပြင်ဦးလွင်

No comments: