ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားမြို့၊ အိန္ဒိယနိုင်ငံ။

Friday, May 24, 2013

Ma Thandar Survived

အသက်နှင့်ထပ်တူ
(မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံမှာ ကျောက်ကပ်ခွဲစိပ်အစားထိုးလာကုတဲ့ တက္ကသိုယ်ကျောင်းသူတစ်ယောက်အကြောင်း)
မသန္တာ ( သေရွာပြန်)
 
လူတိုင်းသေမှာတော့ အကြောက်တတ်သားတွေချည်း။ ဒါပေမဲ့ အများအားဖြင့်တော့ ကိုယ်သေရမည့်၊ ကိုယ့်အလှည့်မဟုတ်ရင်၊ ကိုယ့်မိသားစု မိတ်ဆွေ၊ ကိုယ့်နှင့် တစုံတစ်ရာ ရင်းနှီး သက်ဆိုင် သူမဟုတ်ရင် သူတို့ သေတာ ကိုယ့်မိသားစု မိတ်ဆွေ၊ ဘာမှမထူးခြာားလှတဲ့ ဖြစ်ရပ်တစ်ခုလို သဘော ထားကြတာပဲ မဟုတ်ပါလား။ ကိုယ်တတ်နိုင်တဲ့ အနေအထားရှိရင်တော့ ပါဝင်ကူညီ၊ ကယ်ဆယ် ချင်သူတွေက ရှားတယ်ပဲ ဆိုစေဦး၊ လောကကြီးထဲမှာ ရှိနေကြသေးတာ အထင်အရှားပါပဲ။ အခု ကျမကိုယ်တိုင်ရဲ့ ဘ၀နဲ့ ရင်းပြီးရခဲ့တဲ့ အတွေ့အကြုံလေး (ကျမအတွက်တော့ဒီတစ်သက် ဒီထက် ကြီးကျယ်တာမရှိသေးတဲ့ မဟာအတွေ့အကြုံတစ်ခု) ကိုပဲ ကြည့်တော့။

 
ကျမက မော်လမြိုင်မြို့ မှ ဖြစ်ပါတယ်။ တက္ကသိုယ် ကျောင်းသူတစ်ယောက်ပါ။ အခုမှ ကျမအသက်က ၁၉ နှစ်ထဲ ဖြတ်သန်းဆဲ။ မှတ်မှတ်ရရ ပြီးခဲ့တဲ့ ၂၀၀၈ခု၊ သြဂုတ်လ (၁၃)ရက်နေ့ မှာ ကျမတို့ အဖွဲ့  အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ ဆီကို ဆိုက်ရောက်သွားကြတယ်။ အဲဒီအဖွဲ့ ဆိုတာက ဘာတဲ့လည်း။
ဘုရားဖူးလား၊ လေ့လာရေးလား၊ နိုင်ငံရပ်ခြားပညာတော်သင်ကိစ္စမျိုးလား။ တခုမှ မဟုတ်ပါဘူး။ ခရီးက ကျမကိုယ်တိုင်ရဲ့  အသက်တစ်ချောင်းအတွက် စွန့် စားထွက်လာကြရတဲ့ ခရီးပါ။ ပါဝင်သူ တွေက ကျမရဲ့  ကျေးဇူးရှင်တွေဖြစ်ကြတဲ့ ဖေဖေရယ်၊ ဆရာတော်ဦးသြဘာသ ရယ်နှင့် ကျမ ပေါင်း (၃) ဦး။ ကျောင်းက ဦးဇင်းလေးတွေ လာကြိုတဲ့အစီစဉ်နှင့် ကျမတို့ တွေဟာ ကာလကတ္တားမြို့၊ မြောက် ဘက်ခြမ်းတနေရာမှာ တည်ရှိတဲ့ ဗောဓိသုခမြန်မာပရဟိတကျောင်းတိုက်ကို ရောက်သွားကြပြီး အဲဒီမှာ အခန်းနေရာယူပြီးတော့ အဲဒီည နားကြရတယ်။ မနက်မိုးလင်းတာနဲ့ပဲ ကျောင်းထိုင် ဆရာတော် ဒေါက်တာ ဦးနန္ဒောဘာသကို ဖူးတွေ့ ၊ လိုအပ်သမျှတိုင်ပင်လျှောက်ထား ကြပြီးတော့၊ ချက်ခြင်းပဲ ဆေးရုံသွားဖို့ စီစဉ်ရတယ်။ ဒါနှင့် အဲဒီမနက်တင်ဘဲ ဆရာတော် ကိုယ်တိုင် ကြီးကြပ် လိုက်ပါပြီး အပိုလိုဆေးရုံကြီးမှာ ရောဂါအခြေအနေကို သိရအောင် စတင်စမ်းသပ်စစ်ဆေး ခံယူ ရပါတယ်။ ကံဆိုးလှတဲ့ကျမဟာ မွေးကတည်းက ကျောက်ကပ် အားနည်းသူအဖြစ် မွေးလာခဲ့တာပါ။ ဒီ့အတွက် ကလေးဘ၀ကတည်းက ကျန်းမာရေးချူချာလှတဲ့ ကျမမှာ အသက် (၁၆)နှစ်တွင်ပဲ ကျောက်ကပ်လုံးဝလောက် ပျက်စီးသွားတဲ့ ကိန်းဆိုက်ခဲ့ပါတော့တယ်။ အဲဒီကတည်းက အာရှတော်ဝင်နှင့် ဗဟိုစည်ဆေးရုံကြီးတွေမှာ ရက်သတ္တတပါတ်ကို (၂)ကြိမ်ကျစီ ကျောက်ကပ် ဆေးပြီးတော့မှ အသက်ဆက်နေလာခဲ့ရပါတယ်။ ကျောက်ကပ်ဆေးတယ်ဆိုတာ ကျောက်ကပ်က

လုံးဝအလုပ်မလုပ်နိုင်တော့တဲ့အခါမှာ သူလုပ်ရမည့် အလုပ်ဖြစ်တဲ့ သွေးသန့်စင်ရေး အလုပ်ကို စက်ကအစားဝင်ရောက် လုပ်ဆောင်ပေးစေတာကို ဆိုလိုတာပါ။ ကျောကကပ်ဆေးတဲ့ အဲဒီစက် ဆိုတာကလည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ ကြီးတွေမှာသာ ရှိနေသေးလေတော့ မော်လမြိုင်မှာနေတဲ့ ကျမတို့အဖို့က ရန်ကုန်ကို တပါတ်ကို ၂- ကြိမ် အရောက် လာနိုင်မှ ကျောက်ကပ်ဆေးနိုင်တာကလား။ ကျောက်ကပ်ဆေးခ တန်ရာတန်ကျေးဘဲကြည့်ဦး၊ တကြိမ်ထည်း ကိုပဲ ကျပ်ခြောက်သောင်းကနေ တသိန်းအထိ။ ဒီလိုဆေး၊ ဆေးနေလာရင်းနှင့်ပဲကျမရဲ့ အခြေအနေက ကျောက်ကပ်အစားထိုးမကုရင် မဖြစ်တော့တဲ့ ဘ၀ကိုရောက်သွားပြီး၊ ကံအားလျော်စွာ ကျောက်ကပ် အလှူရှင် တဦးပေါ်ထွက်လာမည့်နေ့ကို မရေရာစွာနှင့် စောင့်စားနေခဲ့ရပါတယ်။ ကျောက်ကပ်ဆေးတဲ့ အကြိမ်ပေါင်း (၁၅၀) အထိရှိလာတဲ့ ကာလအတောအတွင်းမှာ ဖြူစင်လှတဲ့၊ စေတနာအပြည့်နှင့် ပေါ်ထွက်လာခဲ့တဲ့ ကျောက်ကပ်အလှူရှင် သံဃာတော် (၁၀)ပါးရှိခဲ့ပြီး၊ တပါးချင်းစီအား
သွေးခြောက်မျိုးစုံစေ့အောင် စစ်ဆေးလာခဲ့ရာ နောက်ဆုံး ဆရတော် ဦးသြဘာသနှင့်မှ သွေးခြောက်မျိုးလုံး တူညီနေတာ တွေ့ ရှိခဲ့ပါတယ်။ သံဃာတော် တပါးချင်းစီတို့ ရဲ့  သွေးနမူနာတွေကို
စင်ကာပူအထိ ပို့ပြီးမှ စစ်ဆေးခဲ့ရသေးတာကြောင့်မို့လို့လည်း တကြိမ်စစ်ဆေးတာအတွက်ပဲ ကျပ်သုံးသိန်းခန့် စီ ကုန်ကျပါတယ်။ သမီးလေးအသက်ကို အရအမိ ကယ်မှာပဲလို့ အခိုင်အမာ ဆုံးဖြတ်ချက် ချထားကြတဲ့ ကျမရဲ့ မိဘနှစ်ပါးအဖို့ကဘယ်လောက်ပဲ ကုန်ကျကုန်ကျ၊ ရှိသမျှ ပုံအောရလည်း လျှော့ကြမှာ မဟုတ်တာ အသေအချာပါပဲ။ ဒီလိုနှင့် နောက်ဆုံး အိမ် (၂) လုံး ရောင်းချလိုက်ရပါတယ်။ ကျောက်ကပ် လုံးဝပျက်စီးသွားတဲ့ လူနာတစ်ဦးအဖို့က ရွေးစရာ (၂) လမ်းပဲရှိပါတယ်။ ပျက်စီးသွားတဲ့ ကျောက်ကပ်ကို နောက်လူတစ်ဦးဆီက ကျောက်ကပ်သစ်တလုံးနှင့် အစားထိုးကုရင်ကု၊ မကုရင်တော့ မကြာခင် သေဖို့ သာပြင်ပေတော့ပဲ။
ကျမတို့သားအဖ ကာလကတ္တားသို့ ရောက်လာတုန်းက အမေရိကန်ဒေါ်လာ တသောင်းနှင့် နှစ်ရာအတိ ပါလာခဲ့ပါတယ်။ ရောက်ဂါကို အချိန်ယူပြီး စမ်းသပ် စစ်ဆေးနေတုန်းမှာပဲ ဝေဒနာကပိုပိုဆိုးရွားလာခဲ့ပါတယ်။ ရောဂါဖောက်ဖောက်လာတာကြောင့် အရေးပေါ် ဆေးရုံသွားတက် ရတာက သုံးကြိမ်၊ တကြိမ်စီအတွက်ပဲ ကုန်ကျစရိတ်က မနည်းမနော။ အဖေက အတိအကျ ပြောမနေသလို ကျမကလည်း ထူးပြီးမေးမနေတော့။ အကျိုးဆက်က အစားထိုး မကုရသေးခင်မှာပဲ ရှိစု၊ မဲ့စု၊ ပါလာခဲ့သမျှ ငွေပမာဏရဲ့ ထက်ဝက်ကျော်လောက်က လျှောသွားပါပြီ။ အပိုလိုဆေးရုံကြီးရဲ့  ကျွမ်းကျင်လှတဲ့ ဒေါက်တာတွေကတောင် အရိုးစုသက်သက်လိုဖြစ်နေတဲ့ ကျမကိုကြည့်ပြီး အစားထိုး ကုသတဲ့ အော်ပရေးရှင်းလုပ်ပေးဖို့ ၀န်လေးနေကြတာနှင့် အချိန်က (၃) လခန့် ကြာသွားပါပြီ။
ဖေ့ဖေ့လက်ထဲ ရှိသမျှ လက်ကျန်ငွေ ပမာဏဟာ အစားထိုးကုသရေး ကုန်ကျစရိတ်ရဲ့
အစိတ်အပိုင်း တချို့ တ၀က်လောက်အတွက်ပဲ ကာနိုင်ဖွယ်ရှိသလို ကျမရဲ့ လက်ကျန် အချိန် သက်တမ်းဟာလည်း များများစားစားမရှိတော့။ ဒီအတိုင်းဆိုရင် ကျမတို့အတွက်က အစားထိုး ကုသဖြစ်ဖို့ အရေးကပဲ လုံးဝလောက်မဖြစ်နိုင်တော့တဲ့ အရာတခုလိုဖြစ်လာခဲ့ပါပြီ။ ဒီမှာတင် အရာရာကို ဆက်လက်ရင်ဆိုင်ဖို့ အားမရှိတော့တဲ့ ကျမတို့ဟာ မြန်မာပြည်ပြန်သွားဖို့ပဲ ရှိပါတော့တယ်။ ဒေါက်တာတွေ ခန့်မှန်းအရတော့ အဲဒီလိုပြန်သွားရရင် နောက်ထပ်အများဆုံး (၃) လအတွင်း ကျမဘ၀ဟာ ဆုံးခန်းတိုင်သွားနိုင်တယ်ဆိုပါတယ်။ ဒီလိုနှင့် ကိုးဆဲ့ကိုးရာခိုင်နှုန်းလောက်
သေချာပေါက်သေလူဖြစ်နေတဲ့ ကျမဟာ သေမင်းနှင့် ရင်းနှီးခွင့်ရဖို့ ကြိုးစားသလိုမျိုး လက်ကျန် အချိန်ပိုင်း၊ ရက်လေးတွေကို လက်ချိုးရေတွက်ရင်းက ကြောက်ကြောက်၊ မောမောနှင့် ခြေကုန် လက်ပမ်းကျနေခဲ့ကြတာပါပဲ။ ကျမတို့သားအဖဟာ လမ်းစပျောက်ပြီး ဘာလုပ်လို့ ဘာဆက်လုပ် ရမှန်း မသိနိုင်တော့တဲ့ ဒီအခြေအနေမှာ ကျမတို့ကို တချိန်လုံး အနီးကပ် ကြည့်ကြပ်ပြီး၊ လိုအပ်သမျှကူညီပေးလာတဲ့ ကျောင်းထိုင်ဆရာတော်ဟာ ကျမတို့သားအဖရဲ့သုခ၊ ဒုက္ခတွေကို လုံးဝသဘောပေါက် စာနာမိပြီးတော့၊ ကျမတို့ ရှေ့ မှာ မားမားမတ်မတ်ရပ်လာပါတယ်။ ကျမအဖို့ တော့ ဆရာတော်ရဲ့ တက်ကြွတဲ့ ဆုံးဖြတ်ချက်အတွက်ပဲ အားတက်မိပြီး၊ နောက်ဆုံးစွန့်စားခန်း တခုအတွက်လည်း ဘာအကြောက်တရားမှ မရှိတော့သလောက်ကို ရဲတင်းလာခဲ့ပါတယ်။ ဆရာတော်ဟာ ဖေဖေနှင့် နောက်ဆုံးညှိနိုင်းပြီးတဲ့နောက်မှာ သက်ဆိုင်ရာဆရာဝန်ကြီးတွေကို
မေတ္တာရပ်ခံပါတော့တယ်။ ကျုပ်တို့ရဲ့ လူနာအား ကျောက်ကပ် အစားထိုးကုသနေစဉ်အတွင်း
တိမ်းပါးသွားရလျှင်တောင် လူနာရှင်မိမိတို့ အနေနှင့် ကောင်းကောင်းမွန်မွန် ဆေးဝါးကုလိုက် ရတဲ့အတွက် သေလည်းကျေနပ်ကြောင်း၊ အစားထိုးကုသရေး လုပ်ငန်းစဉ်တခုလုံးရဲ့ ကုန်ကျစရိတ် အားလုံးအတွက်လည်း မိမိ၊ ဗောဓိသုခကျောင်းတိုက်ဆရာတော်အနေနှင့် တာဝန်ယူကြောင်း၊ ဆေးရုံကြီးအနေနှင့်လည်းပဲ လူနာရဲ့  အခြေအနေအရပ်ရပ်ကို ထောက်ထားညှာတာသောအားဖြင့် (၂၀) ရာခိုင်းနှုန်းခန့်  လျှော့ပေါ့ပေးဖို့ စဉ်းစားသင့်ကြောင်း ဆွေးနွေး၊ တင်ပြတာဖြစ်ပါတယ်။ တိုတိုပြောရရင် နောက်ဆုံးမှာ ဆရတော်မေတ္တာရပ်ခံတဲ့ အတိုင်းပဲ ဆေးရုံကြီးက လိုက်လျော လက်ခံပြီး ကျမတို့ရဲ့ မူလရယ်ရွယ်ရင်းဖြစ်တဲ့ နောက်ဆုံးစွန့်စားခန်းဟာ ထင်တာနှင့် တခြားစီ အဖြေပေါ်ပြီး အထမြောက် အောင်မြင်ခဲ့ပါတယ်။

ဒီလိုအောင်မြင်နိုင်ခဲ့တာဟာ ကျမတို့ရဲ့ ကုသိုလ်ကောင်းခဲ့လို့ မှီခိုရာ ကောင်းရနိုင်ခဲ့တာ နေမှာပဲလို့ ဆိုနိုင်သလို၊ အမှန်တကယ်တော့ အဲဒီကိစ္စကြီးတခုလုံး အထမြောက်ရေးမှာ အလှူရှင်ဆရာတော်က
အင်္ဂပရိစာဂအလှူကို မတွန့် မဆုတ် လှူသလို၊ လှူတာအထမြောက်ရုံမက အောင်မြင်မှုလည်း
ရရလေအောင်၊ ကိုယ်ကျိုးမငဲ့ တကယ့်စေတနာ၊ အကြင်နာတွေနှင့် ကိုယ့်အသက်နှင့်ထပ်တူ သဘောထားပြီး ၀င်ကယ်ခဲ့တဲ့၊ ဘယ်အခြေနေရောက် နောက်ဆုံးအထိ ဇွဲမလျှော့တတ်တဲ့
ဗောဓိသုခကျောင်းထိုင်ဆရာတော် ဒေါက်တာ ဦးနန္ဒောဘာသရဲ့ ကျးဇူးကြောင့်ပါပဲ။ အခုတော့လည်း ကျမဟာ ပုံမှန်လူကောင်းပကတိအတိုင်းပဲ မိသားစုနှင့်အတူ ကျန်းမာ၊ ပျော်ရွှင်စွာနေထိုင်လျှက် ရှိနေပါပြီ။ ကိုယ့်အသက်ကို ကယ်တင်ပေးခဲ့ကြတဲ့ ကျေးဇူးတော်ရှင် သာသနာ့ အာဇာနည် ဆရာတော်တွေရဲ့  သမ္မာဆန္ဒနှင့်အညီပဲ အမျိုး၊ ဘာသာ၊ သာသနာတော်အတွက် ကိုယ်တတ်နိုင်တဲ့ ဘက်ကပါဝင်လုပ်ဆောင်ခြင်းဖြင့် ဆရာတော်တွေရဲ့ ကျေးဇူးတော် အနန္တကို ပြည့်ဝကျေပွန် စေရမည်လို့  အဓိဌာန်ပြုပါတယ်။
အားလို့ရှိရင် စာဖတ်လေ့ရှိတဲ့ ကျမဟာ အခုတော့ ငါးရာ့ငါးဆယ်ဇာတ်တော်ကြီးကို အစ၊ အဆုံး စုံကုန်အောင်ဖတ်နေဆဲ ဖြစ်ပါတယ်။ ဘုရားအလောင်းတော်ရဲ့  ဖြစ်လေရာဘ၀တွေမှာ ကိုယ်ကျိုးမငဲ့ပဲ အနစ်နာခံ စွန့်လွှတ်တတ်ပုံနှင့် မဖြစ်မနေ ဇွဲကောင်းပုံတွေကို ဖော်ကျူးတဲ့ ဇာတ်တော်တွေကို
အထူးနှိုက်ခြိုက်နေမိပါတယ်။
နိဂြောဓမိဂဇာတ်တော်ထဲမှာ ကိုယ်ဝန်ဆောင် မိခင်လောင်းသမင်မကြီးရဲ့  အသတ်ခံရမည့်အလှည့်မှာ အစားဝင်ရောက်ပြီး စည်နှီတုန်းပေါ် လည်စင်းပေးတဲ့ ဘုရားလောင်း နိဂြောဓရွှေသမင်ကြီးရဲ့  စိတ်ဓါတ်ကိုတော့ ချီကျူးမကုန်နိုင်တာ အမှန်ပါပဲ။ မဖြစ်၊ ဖြစ်တဲ့နည်းနှင့် မလျှော့တမ်း အလုပ်လုပ် တတ်တာ၊ ကိုယ်ကျိုးလုံးဝမငဲ့ပဲ အများအတွက် အနစ်နာခံပေးတာကြောင့် မုချအသတ်ခံရမည့် သမင်တွေသာမက သတ္တ၀ါတွေအားလုံး အသတ်မခံရပဲ လွတ်မြောက်နိုင်ခဲ့တာ မဟုတ်ပါလား။
နောက်ဆုံးပြောရဦးမှာက ကျမတို့ ဗောဓိသုခကျောင်းတိုက် ပရိဝုဏ်ထဲမှာ အချိန်အတော်ကြာ နေထိုင်ခဲ့ရစဉ်က ကြုံခဲ့ရတဲ့ ဘ၀တူလူနာမိသားစုတွေရဲ့စာနာမှု၊ ကျောင်းတိုက်သံဃာများနှင့် ကျောင်းသားလေးတွေရဲ့ ညှာတာမှုနှင့် တခြားအကျိုးဆောင်ပေးခဲ့တဲ့ လူတွေအားလုံးကို ဒီနေရာကပဲ မှန်းမျှော်ပြီး အထူးတလည် ကျေးဇူးတင်နေဆဲဖြစ်တယ်ဆိုတဲ့ အကြောင်းပါ၊ အသက်နှင့်ကိုယ် မြဲနေသမျှတော့ နေချင့်ဖွယ်ကောင်းခဲ့တဲ့ ဗောဓိသုခကျောင်းဝင်းကို စိတ်အခင်းထဲမှာ ထာဝရ ခင်းကျင်းလို့ အမှတ်တရဖြစ်နေဦးမှာ အသေအချာပါပဲ။
မသန္တာ (သေရွာပြန်)

မှတ်ချက်။ ဒီဆောင်းပါးဟာ သူငယ်ချင်းတစ်ယောက်မှ forward လုပ်ပေးသော စာကို တစ်ဆင့် မြန်မာသူငယ်ချင်းများ သိအောင်တင်ပေးလိုက်တာပါ။ ကာလကတ္တား မြန်မာကျောင်းမှာတော့ မြန်မာနိုင်ငံမှ ကျောက်ကပ် ဆေးလာကုတဲ့ လူနာတွေ တော်တော်များများရှိပါတယ်။ အားလုံးလူနာတွေဟာ ကျန်းမာရေး ကောင်းပြီး တော့ အမိမြန်မာပြည်ကို ပြန်သွားကြ ပါတယ်။ နောက်ပြီးတော့ ဒီအိန္ဒိယနိုင်ငံဟာ အာရှတိုက်မှာ ကျောက်ကပ် ခွဲစိပ် အစားထိုးကုသမှုနဲ့ 
အအောင်မြင်ဆုံးနိုင်ငံလို့သိရပါတယ်။ နောက်ပြီးတော့ ကုန်ကျစရိတ်တွေလဲ
တစ်ခြားနိုင်ငံထက် အတော် သက်သာ တယ်လို့ ပြောပါတယ်။
ကျောက်ကပ်နဲ့ ပတ်သက်ပြီးတော့ သိချင်ရင်တော့ ကာလကတ္တားမြို့ ၊ ဗောဓိသုခမြန်မာကျောင်း ဆရာတော်ကို ဆက်သွယ်စုံစမ်းနိုင် ပါတယ်။ ဆရာတော်ရဲ့ E-mail; လိပ်စာမှာ ndbatha@gmail.com ဖြစ်ပါတယ်။

No comments: